သရက် ရွက်ဖု၊ အသီးမတင်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ…

ရပ်​စောက်မြို့၊ သရက် Group မှ နာယကကြီး ဦးမြင့်ဦးအပါအဝင် သရက်ခြံပိုင်ရှင် ၅၀​ ကျော်နဲ့ သရက် အ​ကြောင်း ​ဆွေးနွေးဖြစ်ကြပါတယ်။ သရက်အ​ကြောင်းဆိုတဲ့​နေရာမှာ စိုက်စနစ်၊ အစာ​ကျွေးနည်းစနစ်၊ ကိုင်းပြုပြင်နည်းစနစ်၊ ​စျေးကွက်အလားအလာ စသဖြင့်.. အပြန်အလှန်​ဆွေးနွေးကြတာပါ။

အထူးအစီအစဉ်အ​နေနဲ့… စာ​ရေးသူက…

“သရက်အပွင့်အသီးကို လွှမ်းမိုး​သောအချက်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိုဂျက်တာ၊ ပါဝါပွိုင့်သုံးပြီး ရှင်းလင်း​ဆွေး​နွေးပါတယ်။

  • အာဟာရဓာတ်
  • ဟော်မုန်း
  • အပူချိန်
  • ပိုးမွှား/​ရောဂါ

စသဖြင့် ကြိုတင်ကာကွယ်၊ ပြုစု​စောင့်​ရှောက်နည်းများကို အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာ့သရက်ပညာရှင်များရဲ့ နည်းစနစ်များကို အ​ခြေခံပြီး အ​သေးစိတ် ဆွေး​နွေး​ပေးပါတယ်။

သို့​သော်လည်း..

ရပ်​စောက်သရက်အဖွဲ့ဆိုတာ NGO များနဲ့ သင်တန်း​တွေ မကြာခဏ ​လေ့လာဆည်းပူးပြီးသား၊ လုပ် သက်ရင့် ခြံကြီးသမား​တွေဆို​တော့..

မထင်မှတ်တဲ့ ​မေးခွန်းအသစ်​တွေ ရရှိခဲ့ရပါတယ်။

“ဆရာ..သရက်ဖူးလုံးပိုးကို သိပါသလားဗျာ” တဲ့။

စာ​ရေးသူက… လယ်ယာသီးနှံ​တွေမှာ ကွင်းဆင်းတာများ​တော့ သရက်အ​ခေါ်အ​ဝေါ်​တွေ မကျွမ်းကျင်တာအမှန်ပါ။

ပဲပွင့်ထွေးပိုး​မျိုးလောက်သာသိတာကိုး…။

သို့သော်လည်း အ​တွေ့အကြုံနဲ့ ​လေ့လာမှုအရ…

ဖျက်ပိုးအ​တော်များများကိုတော့ မြင်ရင် သိနိုင်ပါတယ်။

“ဖူးလုံးပိုးဆိုတာ ​ဒေသန္တရ အ​ခေါ်​ဖြစ်​တော့… နားစိမ်း​နေပါတယ်.. ပုံရှိရင်ပြပါ ” ဆို​တော့မှ ဗီဒီယို ရိုက်ထားတဲ့ဖိုင်​လေး ​တွေ့ရပါတယ်။

တိုက်ဆိုင်ချင်​တော့…

သူ​မေးတဲ့ ဖူးလုံးပိုးဆိုတာ..

စာ​ရေးသူလေ့လာ​​နေတဲ့…သရက် ဖုမှက်(Mango Gall midge) ဖြစ်​နေပါတယ်။

(မှတ်ချက်။  ။ သရက်ဖုမှက် ဆိုတာဟာ စာ​ရေးသူ မှည့်​​ခေါ်ထားတဲ့အမည်သာ ဖြစ်ပါ​ကြောင်း)

မြန်မာအမည်   = သရက်ဖူးလုံးပိုး/သရက်ဖုမှက်

အင်္ဂလိပ်အမည် = Mango  flower gall midge

သိပ္ပံအမည်       = Erosomyia mangiferae (Felt)

                         Procystiphora  mangiferae

                        Erosomyia indica,

                       Dasineura   amaramanjarae

 (Cecidomyiidae: Diptera)

ဒီပိုးက မှက်၊ ခြင်၊ ယင်အုပ်စုအမျိုးအစားဖြစ်ပြီး မျိုးစိတ်အမည် များစွာရှိပါတယ်။

စပါးကြက်သွန်မြိတ်ပိုး၊ သရက်၊ သီးထိုးယင် အုပ်စုမျိုးဖြစ်ပြီး  စား​သောက်ပုံနဲ့ အ​လေ့အထ အနည်းငယ် ကွဲပြားပါတယ်။

သရက်ဖုမှက်မှာပဲ…

  • အရွက်မှာ ဖျက်ဆီး​လေ့ရှိတဲ့ မှက်
  • အဖူး၊ ပန်းခိုင်၊ အသီးနု​တွေကို ဖျက်ဆီးတဲ့မှက်
  • သရက်ဖူးပွင့်​တွေ​ပေါ် ဥချပြီး အသီးမဖြစ်ဘဲ အဖူး​တွေလုံး​စေတဲ့ မှက်မျိုး..

စသဖြင့် သုံးမျိုး​လောက်​တွေ့ရပါတယ်။

#သရက်ဖုမှက်(gall midge) ဘဝစက်ဝန်း

  • ယင်အမသည် အရွက်ငယ်များ၏ တစ်သျှူးများအတွင်း၌ ဥများကို တစ်လုံးချင်းဥပြီး မျက်နှာပြင်အောက်မှာ အနီကွက်လေးများ ​တွေ့ရတတ်ပါတယ်။
  • ဥများသည် ၂-၃ ရက်အတွင်း ​လောက်​ကောင်(maggot) ဖြစ်လာပါတယ်။
  • အကောင်ပေါက်ပြီးမိနစ်ပိုင်းအတွင်း လောက်ကောင်များသည် ဥများချထားသော နူးညံ့သောအစိတ်အပိုင်းများထဲသို့ စိမ့်ဝင်ပြီး အရွက်​ပေါ်/အဖူး​အပေါ်တွင် စားကြခြင်းဖြင့် အရွက်​ပေါ်၊ပန်းခိုင်​တွေပေါ်မှာ အဖု​တွေ​တွေ့ရပြီး အသီးမတင်​တော့တာပါ။
  • အရွယ်ရောက်လောက်​ကောင်​လေးများသည် ၇-၁၀ ရက် ကြာပြီးနောက် မြေကြီးထဲသို့ ကျဆင်းသွားကာ အပင်​အောက် ​မြေကြီးထဲမှာ ရုပ်ဖုံးလုပ်ပါတယ်။
  • ဥဘဝမှ အ​ကောင်ကြီးအဆင့်ထိဆိုပါက ၁၂ -၂၄ ရက်ခန့် ကြာတတ်ပါတယ်။

#ဖျက်ဆီးမှု အ​နေအထား

  • အရွက်​မျက်နှာပြင်မှာ အဖု​တွေဖြစ်​ပေါ်ခြင်း
  • အဖူး၊ ပန်းခိုင်များအတွင်း ထိုး​ဖောက်စားသဖြင့် အဖူး​ကြွေခြင်း၊ အသီးမ​အောင်ခြင်း
  • အသီးကင်းအ​ခြေမှာ ဖျက်ဆီးသဖြင့် အသီးကင်း​ကြွေခြင်း
  • နောက်ဆက်တွဲ​ရောဂါအဖြစ် မှည့်​ပြောက်စွန်းလက္ခဏာ​တွေ့ရခြင်း

စတာတွေ ဖြစ်နိုင်ပါတယ်။

#ကျ​ရောက်ချိန်

ဇန္နဝါရီ- မတ်လအတွင်း ကျ​ရောက်တတ်ပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

အရွက်နုထွက်ချိန်ကတည်းက ကာကွယ်​ဆေးဖျန်းရမှာဖြစ်ပါတယ်။

သဘာဝပိုးသတ်​ဆေးအ​နေနဲ့..

  • ဆေးရွက်ကြီး၊ ဆပ်ပြာ၊ ဘီအီးအဆီ ​ရော​နှော​ဆေးရည်ကို ​ဆေးတပုံး ၅၀ စီစီနှုန်း ဖျန်းပါ။ အဖူးတထွာ၊ တမိုက်အရွယ် တစ်ကြိမ် ဖျန်းပေးရမှာဖြစ်ပါတယ်။

ဓာတုပိုးသတ်​ဆေးအဖြစ်..

  • အဆီတာမီပရစ်
  • နိုင်တင်ပိုင်ရမ်
  • ပိုင်မက်ထရိုဇင်း

​စတဲ့ ဖော်ပြပါ ​အေအိုင်အုပ်စုတွေထဲက တမျိုးချင်း ဒါမှမဟုတ် အတွဲလိုက်​ကို…

ရွက်နုထွက်ချိန်၊ အဖူးဝင်ချိန်နဲ့ သီးလုံးကူးချိန်တွေမှာ… ဖျန်း​ပေးသင့်ပါတယ်။

ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ ဝတ်မှုန်ကူးပျား/ယင်များရှိ​နေချိန် နံနက်ခင်းအချိန်တွေမျိုးတွေမှာတော့ မည်သည့်​ဆေးမျှ မဖျန်းသင့်ပါဘူး။

စေတနာများစွာဖြင့်

ဒို့ဦး​လေး

Ref>>>Pests of Mango :: Major Pests :: Flower Gall Midge(Bsc, agriculture)

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်။)