ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မိုးပျံလမ်း ပြိုကျ၍ လူနှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ Lat Krabang ခရိုင်အတွင်း Luang Phaeng လမ်းပေါ်တွင် တည်ဆောက်ဆဲမိုးပျံလမ်းအပိုင်းတစ်ခု ဇူလိုင် ၁၀ ရက် ညနေခင်းကပြိုကျခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး လူဆယ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Luang Phaeng လမ်းပေါ်တွင် Wat Polmanee ဘုရားသို့သွားရာလမ်းဆုံ၌ တည်ဆောက်လျက်ရှိသော အရှည်မီတာ ၅၀၀ ခန့်ရှိ မိုးပျံလမ်းအပိုင်းက ညနေ ၆ နာရီခန့်တွင် လမ်းပေါ်သို့ ရုတ်တရက်ပြိုကျခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

ပြိုကျခဲ့သော မိုးပျံလမ်းအပိုင်းက ၂ ဒသမ ၂ ကီလိုမီတာရှည်သော Onnut-Lat Krabang မိုးပျံလမ်းစီမံကိန်း၏ အပိုင်းဖြစ်ကာ Lat Krabang လမ်းခွဲမှ Jorakay Noi ရဲစခန်းအထိအပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်သည်။

ရှေးဦးစုံစမ်းချက်များအရ ယာဉ်ကြောလေးခုပါသော မိုးပျံကွန်ကရစ်လမ်းအပိုင်းကို မ,လာသော ဝန်ချီစက်တစ်ခုလဲကျခဲ့ရာမှ မိုးပျံလမ်းအပိုင်းကလည်း မြေပေါ်သို့ တစ်ဟုန်ထိုးကျလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြိုကျသော လမ်းအပိုင်းက လမ်းပေါ်ရပ်ထားသော ကားများပေါ်သို့ကျ၍ ကားများလည်းပျက်စီးခဲ့ကာ သံမဏိအစိတ်အပိုင်းများကလည်း လမ်းဘေးဆိုင်အဆောက်အအုံများအပေါ် ကျရောက်ခဲ့သည်။

အဆိုပါ မိုးပျံလမ်းအပိုင်းပြိုမှုကြောင့် လူနှစ်ဦးမှာမူ နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ် ရပ်ကြောင့် Luang Phaeng လမ်းကိုလည်း ယာဉ်အသွားအလာပိတ်ထားကြောင်း သိရသည်။

Ref- Bangkok Post