ထိုင်းဆီတင်သင်္ဘောမီးလောင်ပေါက်ကွဲမှုမှ သေဆုံးသွားတဲ့ မြန်မာလုပ်သားတွေအတွက် နစ်နာကြေးရ

ထိုင်းဆီတင်သင်္ဘောမီးလောင်ပေါက်ကွဲမှုမှ သေဆုံးသွားတဲ့ မြန်မာလုပ်သားတွေအတွက် တစ်ဦးကို ဘတ် ၈၂၀၀၀၀ ကျော် အာမခံနစ်နာကြေးရရှိတယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲအတွင်းမှာ ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက် ဖို့အတွက် ရပ်နားထားတဲ့ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 သည် အလုပ်သမား(၃၀)ဦးခန့်နဲ့ ဆီပိုက်လိုင်းများ ဂဟေဆော်တဲ့ လုပ်ငန်းတွေဆောင်ရွက်စဉ် ပိုက်လိုင်းများအတွင်းရှိ ဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်း ဖြစ်စဉ်အတွင်း ထိုင်းနိုင်ငံသား တစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ၇ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အသက်သေဆုံးခဲ့သည့် မြန်မာတစ်ဦးကို အသုဘအသုံးစရိတ်အတွက် ဘတ်ငွေ ၅၀၀၀၀ပင်စင်နစ်နာကြေး အတွက်ဘတ် ၃၀၀၀ မှ ဘတ် ၉၀၀၀ နဲ့ ပကန်စမ်ခွမ် လူမှုဖူလုံရေး အသက်သေဆုံးမှု အတွက် ၇၇၀၉၅၂ ဘတ် အပါအဝင် စုစုပေါင်း ထိုင်းဘတ်ငွေ ၈၂၀၀၀၀ ( မြန်မာ ကျပ်ငွေ သိန်း ၇၀၀) ကျော် ရရှိခဲ့ခြင်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။

ယင်းအပြင် ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသား ၄ ဦးရဲ့ ဆေးရုံမှတ်တမ်းအဖြေအရ ကိုယ်အင်္ဂါဆုံးရှုံးမှု ရှိသော လုပ်အားခ နစ်နာကြေး ၁၀ နှစ်စာ ရရှိမည်ဖြစ်ပြီး အနည်းကျဉ်း ထိခိုက်မှုတွင် လုပ်အားခ ၇၀ ရာခိုင်နူန်းဖြင့် ၁ နှစ်အတွင်း အကျိုးနစ်နာကြေး ရရှိမယ်လို့လည်း ဖော်ပြထားပါတယ်။