ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ အောင်စာရင်းယခုလမှာ ထုတ်ပြန်ပေးမည်

ပြီးခဲ့တဲ့ ဒီဇင်ဘာ လ အတွင်း ကျင်းပခဲ့တဲ့ JLPT 2022 ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ အောင်စာရင်း Online Result များကို ယခု ဇန်နဝါရီလ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးမယ်လို့ မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း- Myanmar Association of Japan Alumnmi (MAJA)က အသိပေးကြေညာထားပါတယ်။

အဆိုပါစာမေးပွဲရဲ့အောင်စာရင်းကြည့်ရှုနိုင်မည့် link ကို၎င်းတို့ကြေညာချက်မှာ edit ပြုလုပ်ကာထည့်ပေးသွားမှာဖြစ်ပြီး အောင်စာရင်းတွေကို ဇန်နဝါရီ၂၃ရက်နေ့ ဂျပန်စံတော်ချိန် နံနက် ၁၀ နာရီ (မြန်မာစံတော်ချိန် ၇နာရီခွဲ) မှ စတင် ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဂျပန် ဘာသာ အရည်အချင်းစစ်စာမေးပွဲ JLPT 2022 လျှောက်လွှာရောင်းချခဲ့စဉ်က ဝယ်ယူခြင်းနဲ့ လက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့တဲ့ ရန်ကုန်ပညာရေး တက္ကသိုလ်မှာ လျှောက်လွှာတန်းစီးသူ ဦး‌ရေအဆမတန်များပြားတာကြောင့် လျှောက်လွှာရောင်းချခြင်းကိုရပ်ဆိုင်းကာ အွန်လိုင်းမှ လျှောက်လွှာ ရောင်းချပေးတဲ့စနစ်ကို ပြောင်းလဲခဲ့ရတဲ့ဖြစ်စဉ်လည်း ပြီးခဲ့တဲ့၂၀၂၂ခုနှစ်က ဖြစ်ပွားခဲ့ပါတယ်။

ဂျပန် ဘာသာစာမေးပွဲ ဟာ N1ကနေ N4နဲ့ N5စာမေးပွဲ စသဖြင့် အဆင့်အလိုက်ရှိနေပြီး စာမေးပွဲဖြေဆိုလိုသူအရေအတွက် ထောင်ချီရှိနေကြောင်းနဲ့ ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲအောင်မြင်ပါက ဂျပန်နိုင်ငံတွင်း ခေါ်ယူတဲ့ အလုပ်အကိုင်များသာမက မြန်မာပြည်အတွင်းက ဂျပန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများတွင်လည်း အလုပ်လုပ်နိုင်မယ့် အခွင့်အလမ်းများရှိနိုင်မယ်လို့ စာမေးပွဲဖြေဆိုသူတွေ ထံကသိရပါတယ်။