တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်သုံးစီးတိုက်ရာမှ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိ

ဒီဇင်ဘာ ၁၃ ရက် ၊ ည ၁၂ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ၊ ဝေဇယန္တာလမ်းနှင့် ရတနာမီးပွိုင့်တွင်
ယာဉ်သုံးစီးဆင့်တိုက်ပြီး ယာဉ်တစ်စီးမီးလောင်ကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ
သွားရောက်ခဲ့ကြောင်း သိရပါတယ်။
မီးလောင်ခဲ့သည့်ယာဉ်မှာ Mark II ယာဉ်အမျိုးအစားဖြစ်ပြီး Mark II ယာဉ် ၊ Alphard ယာဉ်နှင့်
လူနာတင်ယာဉ်တစ်စီးတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
“ဝေဇယန္တာလမ်းနှင့် ရတနာမီးပွိုင့်မှာ ယာဉ်သုံးစီးဆင့်တိုက်တာပါ။ မီးလောင်သွားတဲ့ယာဉ်က Mark II ယာဉ်ပါ။
Mark II ယာဉ် ၊ Alphard ယာဉ် နဲ့ လူနာတင်ယာဉ်တစ်စီး အဲ့သုံးစီးတိုက်တာပါ။ ဒဏ်ရာရတဲ့သူတွေကို
ပရဟိတအဖွဲ့တွေက ပူးပေါင်းပြီးဆေးရုံကို ပို့ဆောင်ပေးပါတယ်”သုခကာရီလူမှုကယ်ဆယ်ရေးအသင်းမှ
တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယာဉ်သုံးစီးဆင့်တိုက်မှုကြောင့် လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး ထိခိုက်ဒဏ်ရာရရှိသူများအား
ပရဟိတအဖွဲ့များမှ ကူညီဆောင်ရွက်ကာ သက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
■ ဓာတ်ပုံ – သုခကာရီလူမှုကယ်ဆယ်ရေးအသင်း