ချေးငွေပေးမယ်ဆိုပြီး လိမ်နေတဲ့ App တွေကို သတိထားပါ

အာမခံချက်မရှိတဲ့ အွန်လိုင်းပေါ်က ငွေစုတာတွေ၊ ငွေချေးတာတွေအပြင်
အခြားငွေကြေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအပေါ် အလွယ်တကူ မယုံပါနဲ့။
အခုလတ်တလောမှာ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ငွေကြေးလိမ်လည်မှု ပုံစံအသစ်တစ်မျိုးကို
မျှဝေပါရစေ။ အဲဒါကတော့ ချေးငွေ ထုတ်ချေးပေးမယ်ဆိုတဲ့ အက်ပလီကေးရှင်းအတုတွေ ဖြစ်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ အင်တာနက် သုံးရင်း၊ Google Play Store မှာဝင်ရင်း တက်လာတဲ့
ချေးငွေ အက်ပလီကေးရှင်းကြော်ငြာတွေကို တွေ့ဖူးကြပါလိမ့်မယ်။

  • ချေးငွေတွေ ထုတ်ပေးမယ်ဆိုပြီး ကြော်ငြာတွေ တင်ပါတယ်။ လူမှုကွန်ရက်မှာ ပို့စ်တွေတင်ပါတယ်။
    ဒါမှမဟုတ် ကုမ္ပဏီအတုနာမည်တွေနဲ့ မက်ဆေ့ပို့ပြီး မိတ်ဆွေ ငွေချေးလို့ရကြောင်း အကြောင်းကြားပါလိမ့်မယ်။
  • ချေးငွေလျှောက်ထားနိုင်ဖို့ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုကို ဒေါင်းလုတ်ဆွဲခိုင်းပါတယ်။
  • မိုဘိုင်းအက်ပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲ၊ log in ဝင်ပြီး အကောင့်တစ်ခု ဖွင့်ပြီးနောက်မှာ
    အဲဒီ အက်ပလီကေးရှင်းက မိတ်ဆွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ငွေကြေးအကောင့်
    ဆိုင်ရာတွေကို မှတ်ထားလိုက်ပါတယ်။
  • မိတ်ဆွေက ချေးငွေဆက် မလျှောက်ဘဲထားမယ်ဆိုရင် လူလိမ်ဆီမှာ မိတ်ဆွေရဲ့ အချက်အလက်တွေ
    ရှိထားပြီးဖြစ်တဲ့အတွက် မိတ်ဆွေကို ခြိမ်းခြောက်အကြပ်ကိုင်လာနိုင်ပါတယ်။ ချေးငွေမယူရသေးဘဲ
    ယူပါတယ်လို့ စွပ်စွဲတာ စတာမျိုးတွေတောင် လုပ်တတ်တယ်လို့ သိရပါတယ်။
  • မိတ်ဆွေက ချေးငွေကို ယူလိုက်ပြီဆိုရင် ရက်နည်းနည်းကြာတာနဲ့ အရင်းထက် အများကြီးပိုများတဲ့
    အတိုးတွေ စပြီး တောင်းပါလိမ့်မယ်။ တောင်းလို့မရရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ၊
    အရှက်ခွဲမယ်လို့ ပြောတာ၊ ငွေညှစ်တာတွေ လုပ်ပါလိမ့်မယ်။
    အတွေ့ရများတာက ဒီလို ချေးငွေအက်ပလီကေးရှင်းအတုတွေနဲ့ ငွေညှစ်ဖို့၊ ငွေလိမ်ဖို့ ကြိုးစားလေ့ရှိသူတွေဟာ
    ကြော်ငြာပို့စ်တင်တဲ့အခါ “ချက်ချင်းငွေလွှဲပေးတယ်” တို့၊ “မှတ်ပုံတင်ကတ်ရဲ့ ပုံကိုပဲ ပြဖို့လိုတယ်” တို့၊
    “စောင့်စရာမလို” တို့ စတဲ့ စာသားတွေသုံးပြီး ကြော်ငြာလေ့ရှိပါတယ်။ ဒါကြောင့် ဒီလို မယုံချင်စရာ
    ကောင်းလောက်အောင် လွယ်လွန်း၊ မြန်လွန်းနေတဲ့ ချေးငွေအက်ပလီကေးရှင်းကြော်ငြာတွေကို ဒေါင်းလုတ်
    မဆွဲကြဖို့ သတိပေးချင်ပါတယ်။