တိုင်တန်းနစ်သင်္ဘောပျက် လေ့လာရေး ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားသူ ငါးယောက်စလုံးသေဆုံးကြောင်း အတည်ပြု

တိုင်တန်းနစ်သင်္ဘောပျက်ကို လေ့လာဖို့သွားတဲ့ ရေငုပ် သင်္ဘောငယ်ဟာ အတွင်းပိုင်းပျက်စီးသွားပြီးနောက် အပိုင်းပိုင်းအစအစဖြစ်သွားကာ လိုက်ပါသွားသူ ငါးယောက်စလုံးသေဆုံးသွားပြီလို့ အမေရိကန်ကမ်းခြေစောင့်တပ်က ဇွန်လ ၂၂ရက်က အတည်ပြုပြောဆိုလိုက်ပါတယ်။

စက်ရုပ်ရေငုပ်သင်္ဘောက ပျောက်ဆုံးသွားတဲ့ တိုင်တန်ရေငုပ်သင်္ဘောငယ်ရဲ့ အပျက်အစီးတွေကို ရေအောက် ပေ ၁၆၀၀မှာ ဇွန်လ ၂၂ရက် မနက်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် OceanGate Expeditions ကုမ္ပဏီပိုင် ရေငုပ်သင်္ဘောငယ်ဟာ သင်္ဘောပျက်ဆီကိုလေ့လာဖို့ ရေငုပ်သွားပြီး ၁နာရီနဲ့ ၄၅မိနစ်အကြာမှာ ရေပြင်ပေါ်က သင်္ဘောနဲ့ ဇွန်လ ၁၈ရက်ကစပြီး အဆက်အသွယ်ပြတ်သွားခဲ့တာပါ။

ရေငုပ်သင်္ဘောကို မောင်းနှင်သွားသူဟာ ကုမ္ပဏီတည်ထောင်သူ အမှုဆောင်အရာရှိချုပ် စတော့တန်ရပ်ချ်အပါအဝင် လိုက်ပါသွားသူ ငါးယောက်စလုံးသေဆုံးခဲ့ပါတယ်။ အခြားလိုက်ပါသွားသူ လေးယောက်ကတော့ ဗြိတိန်ဘီလျံနာ စူစမ်းလေ့လာသူ ဟာမစ်ဟာဒင်း ၊ ပါကစ္စတန်ဖွား စီးပွားရေးလုပ်ငန်းရှင် ရှာဇဒါ ဒါဝုဒ် နဲ့ သူ့ရဲ့ ၁၉နှစ်အရွယ်သားဖြစ်သူ ဆူလီမန်၊ ပြင်သစ်နိုင်ငံသား ရေနက်ပိုင်းလေ့လာသူ ပေါလ်ဟန်နရီ နာဂျီယိုလန် တို့ ဖြစ်ပါတယ်။