တရားပျောက်ရင်

တရားပျောက်ရင်
ဘုရားလည်းပျောက်ကွယ်သွားမယ်။

စေတီတွေ ရုပ်ပွား ဆင်းတုတော်တွေ
အသက်ဂုဏ်သွင်းပေးတာ တရားဗျ။

ဘုရားကို ဘုရားလို့မြင်အောင်
ပြပေးတာလည်း တရားပါပဲ
စာသိ- ကျင့်သိ- ထိုးထွင်းသိဆိုတဲ့
အသိသုံးမျိုးမှာ အနည်းဆုံး စာသိတရားတော့ရှိထားမှ
ဘုရားကို မြင်အောင် ကြည့်တတ်လိမ့်မယ်။
တရားမြင်သလောက်သာ ဘုရားကိုလက်ခံနိုင်မယ်

ပင်လယ်ရေကို ပေတံ ပေကြိုးနဲ့ ရေထဲချတိုင်းသူဟာ
ပေတံ ပေကြိုးရှည်သလောက်သာ
ရေအနက်ကို သိရမှာ။

ကိုယ့်မှာရှိတဲ့ ပေတံ ပေကြိုးရဲ့
အတိုင်းအတာထက် ပိုပြီးတော့
ပင်လယ်ရေအနက်ကို မသိနိုင်ဘူး။

ဒါမျိုးလည်း အသိဉာဏ်ပေကြိုးရှည်အောင်
ဓမ္မနဲ့ ဆန့်တန်းတတ်ဖို လိုလိမ့်မယ်။

တရားပျောက်သွားရင်စေတီအားလုံး
အုတ်ပုံကြီးတွေ ဖြစ်သွားတော့မှာ။

ဆင်းတုတော်တွေအားလုံး အရုပ်တွေ
ဖြစ်ကုန်တော့မှာဘုရားအနေနဲ့
ကိုးကွယ်ပူဇော်တတ်မှာ မဟုတ်တော့ဘူး။

ဓမ္မမပြတ်သားရင်ဗုဒ္ဓအပေါ် အမြင်မပြတ်သားတော့ဘူး

တစ်ချိန်တုန်းက အိမ်တစ်အိမ်မှာ
မိခင်နဲ့သမီး သားအမိနှစ်ယောက် ရှိကြတယ်။
မိခင်က သမီးကို နေ့စဉ် ဘုရားရေကပ် ပန်းကပ်
ဆွမ်းကပ် ဆီမီးကပ်ဖို့ ပြောထားတယ်။

သမီးက ဘုရားကို ဆွမ်းတော်ကပ်တဲ့အခါ လက်ဖက်ရည်သောက်
ပန်းကန်ငယ်လေးထဲမှာ ဇွန်းသေးသေးလေးနဲ့ ဟင်းကလေး နဲနဲစီထည့်ပြီးတော့ ဘုရားရှေ့သွားပြီး ဆွမ်းတော်ကပ်သတဲ့။

မိခင်ကလည်း သမီးကိုမြင်တော့ ပြောတယ်။
သမီးရယ် ဘုရားဆွမ်းတော်ကပ်တာ နည်းလှချည်လား။

ဆွမ်းကလည်း ဇွန်းသေးသေးလေးနဲ့ တစ်ဇွန်းစာ။
ဟင်းကလည်း ဇွန်းဖျားနဲ့ တိုရုံ ထိရုံလေး။

ဒီလောက်ကလေးနဲ့ ဘုရားက
မျှတမှာတဲ့လားလိုပြောတော့သမီးက
အမေရယ် ဘုရားက ဘုန်းပေးတာမှ မဟုတ်ဘဲ။

အရုပ်ကြီးပဲ နည်းနည်းလေးတောင်
ကုန်အောင် မဘုဉ်းပေးနိုင်တာ
အများကြီးကပ်တော့ ဘာထူးမှာလည်းတဲ့။

ဒီတော့ သူ့ရဲ့အဖြေက ရှင်းသွားပြီလေ။
သူဟာ ဘုရားကို ဆွမ်းကပ်တာ မဟုတ်ဘူး။
အရုပ်ကို ကပ်နေတာ သေချာပြီ။

သူ့ရဲ့ အသိပညာကဘုရားကို ဘုရားလိုမြင်အောင်
မကြည့်တတ်ပဲ အရုပ်လိုမြင်တာကိုး။

အရုပ်လိုမြင်တော့ အရုပ်လိုပဲ ကပ်မှာပေါ့။
တရားအသိ ပညာအားနည်းတော့ဘုရားကို
ဘုရားလိုမြင်အောင် ဉာဏ်နဲ့ မကြည့်တတ်ဘူး။
အရုပ်လိုပဲ ထင်နေတော့တာ။

(တိပိဋကယောဆရာတော်ဘုရားကြီး)
ဘဝအသုံးချ ဓမ္မလမ်းညွှန် ပထမတွဲမှ။