တပ်မတော်တွင် တတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်မှုသတင်း

တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးအားလည်းကောင်း၊ ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀၊ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် အသည်းအစားထိုး လူနာ ၃ ဦး အားလည်းကောင်း အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါသည်။ ယခုအခါ တတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာ ဦးပြည့်ဖြိုးဇော်နှင့် ညီမဖြစ်သူ အသည်းအလှူရှင် ဒေါ်သွယ်နီကို တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်း ထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၄ နာရီခွဲခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့ပါသည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်