ဇန်နဝါရီလ ၂၄ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၂၂ ရက် ၁၇၃၀ နာရီတွင် ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာနေ ဦးစိုးတင့်(၅၅)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ခိုင်(၅၃)နှစ်၊ အထွေထွေလုပ်သား၊ အထကခွဲ(ပုလောကုန်း)တို့ ၂ ဦးသည် ဆိုင်ကယ်ဖြင့် ပုလောမြို့မှ ဈေးဝယ်ပြီး ပြန်လာစဉ် ရှမ်းဒွတ် – ပုလောကုန်းလမ်းဆုံ အရောက်၌ PDF အကြမ်းဖက် ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၁၀ ဦးခန့်မှ ရှမ်းဒွတ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၃ ရက် ၀၆၀၀ နာရီတွင် မလှိုင်မြို့နယ်၊ သရက်ကန်မြောက်ကျေးရွာနေ ဦးအောင်ထူး(၅၄)နှစ်သည် ဇနီးဖြစ်သူ ဒေါ်အေးအေးဦးနှင့်အတူ နေအိမ်၌ ရှိနေစဉ် (စိစစ်ဆဲ) ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၃ ရက် ၀၈၃၀ နာရီတွင် စလင်းမြို့နယ်၊ ဂုံညှင်းနွယ်ကျေးရွာနေ ဦးဖိုးထူး(၅၃)နှစ်သည် ဂုံညှင်းနွယ်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ၎င်းပိုင် မြေပဲစိုက်ခင်းသို့ မြေပဲနှုတ်ရန်သွားရောက်စဉ် နွယ်တမယ် – သရက်တော မြေသားလမ်း အရောက်၌ ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဖိုးထူးတွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၃ ရက် ၀၆၃၀ နာရီတွင် မလှိုင်မြို့နယ်၊ မိုက်ကုန်းကျေးရွာတွင်နေထိုင်သော ဦးမြင့်လွင်(၆၅)နှစ်၊ သားဖြစ်သူ နိုင်ထွန်းလွင်(၂၅)နှစ်နှင့် ဦးမြင့်လွင်၏ ညီတော်စပ်သူ ဦးလှဆောင်(၆၄)နှစ်တို့ ၃ ဦးသည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးမြင့်လွင်တွင် ဦးခေါင်း၊ လည်ပင်း၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ၊ နိုင်ထွန်းလွင်တွင် ယာနားထင်၊ ရင်အုံ၊ ယာလက်ခုံ ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးလှဆောင်တွင် နဖူး၊ ယာနားထင်၊ လည်ပင်း၊ ရင်အုံ ကျည် ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၃ ရက် ၂၀၂၀ နာရီတွင် ညောင်လေးပင်မြို့နယ်၊ ဆုံကုန်းကျေးရွာဘက်မှ အကြမ်းဖက်အဖွဲ့သည် ညောင်လေးပင်မြို့သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ညောင်လေးပင်မြို့၊ မြို့မ(၄)ရပ်ကွက်ရှိ လယ်ကွင်း အတွင်း၌ ၂ လုံး၊ မြို့မ(၃)ရပ်ကွက်ရှိ လယ်ကွင်းအတွင်း၌ ၂ လုံး၊ မြို့မ(၂)ရပ်ကွက်ရှိ ဦးအောင်မြင့်သိန်း၏ နေအိမ်ခြံဝန်းအတွင်း၌ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်သိန်း၏ သမီးဖြစ်သူ မအိမ့်ခွန်းချို(၁၅)နှစ်တွင် ဝဲတင်ပါး ဒုံးသီးအစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ညောင်လေးပင်မြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။