ဆော်ဒီပရိုလိဂ်ကို ဟက်ထရစ်နဲ့ စတင်မိတ်ဆက်လိုက်တဲ့ ဘော်ဘီ

လီဗာပူးလ်အတွက် ပေးဆပ်ကစားပြီးမှ ဆော်ဒီပရိုလိဂ်ကို ရောက်ရှိသွားတဲ့ ဘရာဇီးလ်တိုက်စစ်မှူးဖာမီနိုရဲ့ အဖွင့်က ဟက်ထရစ်နဲ့ လှပခဲ့ပါတယ်။ ဘော်ဘီလို့ အမည်ရထားတဲ့ ဖာမီနိုဟာ အယ်လ်အာလီအတွက် ပထမဆုံးဆော်ဒီလိဂ်ပွဲမှာ ပုံစံကောင်းပြသကာ ၃ ဂိုးသွင်းယူပေးခဲ့တာပါ။

အယ်လ်အာလီဟာ ဆော်ဒီပရိုလိဂ်ပွဲစဥ် (၁)အဖြစ် အယ်လ်ဟာဇမ်နဲ့ကစားခဲ့ရာ ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဖာမီနိုက ပွဲချိန် ၆၊ ၁၀၊ ၇၂ မိနစ်မှာ ဂိုးသွင်းပေးခဲ့ပါတယ်။

အယ်လ်အာလီဟာ ပွဲထွက်စာရင်းမှာ ဂိုးသမားမန်ဒီ၊ ဖာမီနို၊ မာရက်ဇ်နဲ့ စိန့်မက်ဇီမင်တို့ကို အသုံးပြုခဲ့ပါတယ်။ ဖာမီနိုဟာ ဆော်ဒီလိဂ်ဂိုးသွင်းအများဆုံးဆုကို ရော်နယ်ဒိုနဲ့အပြိုင် ရေပန်းစားမှာပါ။