ဆက်ကြေးရာသီဟု ဆိုရပေမည်။ မိုးမောက်မှာ မြို့ဆိုသော်လည်း အချို့ ရပ်ကွက်များက ကေအိုင်အေ သောင်းကျန်းသူထံ ဆက်ကြေးပေး နေရသေး သည်။ တောထဲ တောင်ထဲ တောင်ယာထဲသို့ သွားလာကြလျင် ဆက်ကြေးပေးထားမှ သွားရဲကြသည်။
ဒီသတင်းကို ဆရာကမကြိုက်။ တပ်ရင်းမှူး တစ်ယောက်လုံး ထိုင်နေ သည့် စခန်းနားမှာမှ ဆက်ကြေးလာကောက်သည်ဆိုတော့ နားရွက် တံတွေး လာဆွတ်သလို စိန်ခေါ်ခြင်းဟု ထင်မိသည်။
မြို့တွင်းရှိ ဌာနဆိုင်ရာများ အမာခံများနှင့် ဗိုလ်ဥာဏ်အောင် အလုပ်ရှုပ်နေတော့သည်။ ဆက်ကြေးကောက်မည့် သတင်းကို ဆရာက စုံစမ်း ခိုင်းနေ ခြင်းဖြစ်သည်။ ထောက်လှမ်းရေးစက်ဝိုင်းလည်ပြီး တစ်ပတ်အတွင်း အကဲ ဖြတ် အနက်ကောက်လိုက်တော့ တန်ဖိုးရှိသည့် သတင်း တစ် ခုကို ရခဲ့လေ သည်။
မိုးမောက်မြို့စွန် ရပ်ကွက်မှ တစ်နာရီခရီးလောက် သွားလျင် တောင် ယာတဲ တစ်ခုသို့ ရောက်မည်။ ထိုတောင်ယာတွင် ဆက်ကြေးတာဝန်ခံနှင့် ဆက်ကြေးပေးမည့်သူတို့ ဆုံကြမည်။ လမိုက်ညကို ရွေးထားသည်။ ဆက် ကြေးတာဝန်ခံ တစ်ယောက်ထဲ လာဖို့များသည်။
ထိုသတင်းကို ဆရာ့ထံ တင်ပြသည်။
" သတင်းအဆင့်အတန်းက"
" က..၁ပါ.. ဆက်ကြေးတာဝန်ခံကို မကျေနပ်တဲ့ သူဆီက ရလာတဲ့ သတင်းပါ"
" တောင်ယာကို လိုက်ပြနိုင်တဲ့သူ ရှိမလား"
" ရှိပါတယ်... မြို့ကလူတွေ မသိအောင်တော့ ဆောင်ရွက်ပေးပါလို့ ပြော ပါတယ်"
" ဟုတ်ပြီ.. တို့အမာခံ လမ်းပြကို တစ်ရက်ကြိုပြီး စခန်းထဲမှာခေါ် ထား၊ ပြီးရင် ယူနီဖောင်း ဝတ်ပေးထား"
ဆရာ၏ အကြည့်က ဗိုလ်လေးထံ ရောက်သွားသည်။
" ဒီပွဲကို ဗိုလ်လေး ဦးဆောင်ရမယ်.. အတွေ့အကြုံသစ်ပေါ့ကွာ"
ဗိုလ်ဥာဏ်အောင်က စိတ်ပူပြီး..
" ဗိုလ်လေးက အတွေ့အကြုံ မရှိသေးတော့ ကိုသက်နိုင်ဝင်းနဲ့.."
ဗိုလ်ဥာဏ်အောင် စကားမဆုံးလိုက်။ ဗိုလ်သက်နိုင်ဝင်းမှာ စီနီယာ တပ်စုမှူးဖြစ်သည်။
" ဒါကြောင့် အတွေ့အကြုံ ယူခိုင်းတာလေ၊ လူလေးသက်နိုင်ဝင်းတို့ က လည်း ကျောက်စခန်းဖက်မှာ မဟုတ်လား၊ သူ့ကိုဆွဲထုတ်လိုက်ရင် အငိုက်မရတော့ဘူး၊ စိတ်ချရတဲ့ ဆရာကြီးနဲ့ ၇ယောက် ဖွဲ့စည်းပြီးသွား။ ဖြစ်တယ် မဟုတ်လား..ဗိုလ်လေး"
ဗိုလ်လေးတက်ကြွနေသည်။
" ဖြစ်ပါတယ် ခင်ဗျ"
ဗိုလ်လေး၏ စစ်သားဘဝ ပထမဦးဆုံးပွဲကို အနိုင်ပွဲနှင့် တွေ့ဆုံစေလို သည်။ အတွေ့အကြုံအရ အပိုင်ရမည့်ပွဲ ဖြစ်လို့လည်း စီစဥ်ပေးလိုက်ခြင်း ဖြစ်၏။
" သိတယ်...မုတ်ဆိတ်မွှေးတွေ ပါးသိုင်းမွှေးတွေနဲ့ ဆိုမှတော့ ဖိုက် တာဖြစ်ရမယ်လေ"
ဗိုလ်လေး မျက်နှာပေါ်က အမွှေးများကို ဆရာကြည့်မရချေ။
×××××
လမိုက်ည။
ဗိုလ်လေးတို့ တောင်ယာတွင် ခြေလုံလက်လုံ ကင်းပုန်းဝတ်နိုင်ခဲ့သည်။ အမာခံကလည်း အသေအချာကို လမ်းပြပေးသည်။ ချိန်းထားသော အချိန် အတိုင်း သားကောင်က ထောင်ချောက်ဆီသို့ တည့်တည့်တိုး ဝင်လာခဲ့သည်။
အမှန်တော့ ဗိုလ်လေးထက် စစ်မြေပြင် အတွေ့အကြုံ ရှိကြသော ဆ ရာကြီးနှင့် စစ်သည်များ၏ လုပ်ရည်ကိုင်ရည်ကြောင့်ပါ။ ပြောရရင် ဗိုလ် လေး ဘာမှကို မလုပ်လိုက်ရ။
နောက်ဆုံးရလာဒ်၏ အဖြေက ဆက်ကြေးတာဝန်ခံကို ပစ္စတိုတစ်လက် ဆက်ကြေးငွေများနှင့် အသေဖမ်းဆီးရမိခဲ့သည်။ ဗိုလ်လေးအတွက်တော့ ပထမဦးဆုံး အတွေ့အကြုံပါပဲ။
ကိုယ့်အစွမ်း မပါသော်လည်း ကိုယ်ဦးစီးရသည့် အဖွဲ့က ရတာဖြစ်လို့ စခန်းတွင်းသို့ ကာဘိုင်ကိုထမ်းပြီး ရင်ကော့ကာ ဝင်လာသူကတော့ ပဲလှော် ပင် ဖြစ်တော့သည်။
" ဗိုလ်လေးက လပ်ကီးတော့ရှိသား"
ဆရာ၏ ထိုစကား တစ်ခွန်းနှင့်ပင် ပင်ပန်းခဲ့သမျှ ပြေပျောက်သွား တော့၏။
" အိုင်အိုက ဖြစ်စဥ်ကို ဗျူဟာကို တင်ပြလိုက်တော့..ရတဲ့ဆက်ကြေး ငွေကို အတိအကျ တင်ပြလိုက်"
အိုင်အိုလည်း ကြေးနန်းရေးလိုက်သည်။ ဆက်ကြေးတာဝန်ခံကို ပစ္စ တိုတစ်လက် ၎င်းကျည်၆တောင့် ဆက်ကြေးငွေ ၁၆၂၄၅၁ကျပ်၅၀ပြား နှင့်အတူ အသေဖမ်းဆီးရမိကြောင်း တင်ပြလိုက်သည်။
ဗျူဟာမှူးက ချီးကျူးဂုဏ်ပြုကြောင်းပြောပြီး တိုင်းစစ်ဌာနချုပ်ကို ဆက်တင်ပြလိုက်သည်။
ဖြစ်စဥ်ပို့ပြီးကာမှ ဆရာက ဗျူဟာမှူးကို တင်ပြသည်။ အပင်ပန်းခံ၍ စွန့်စားလုပ်ဆောင်သူ အရာရှိစစ်သည်များကို ဆုချီးမြှင့် လိုပါ၍ ဆက်ကြေးငွေထဲမှ ၂၄၅၁ကျပ် ၅၀ပြားကို သုံးစွဲခွင့် ပြုပါရန် တင်ပြအပ်ပါသည်ပေါ့။
ဗျူဟာမှူး ခေါင်းရှုပ်သွားရပြီ။ ဆက်ကြေးငွေ ရလာထဲက ၁၆၀၀၀၀ ကျပ်ကိုသာ တင်ပြပြီး အစွန်းထွက်ငွေကို ဆုချီးမြှင့်လိုက်လို့ မရဘူးလား ပေါ့။
ဆရာပြန်ပြောသော စကားက ဗျူဟာမှူးကို ဆွံ့အသွားစေပါသည်။
" ကျွန်တော်လိုချင်တာက ဆက်ကြေးငွေမဟုတ်၊ဆုကြေးငွေသာ ဖြစ်ပါကြောင်း" တဲ့။
နောက်ဆုံး...
" ဆုချီးမြှင့်ငွေကို ဗျူဟာမှူးပဲ စိုက်ပေးလိုက်တော့မယ်...လူကပ်ကြီး ရေ"