စီးတီးကို အနိုင်ရပြီးနောက် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ ဗာရွမ်း

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ရာဖေးလ် ဗာရွမ်းက မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ၈ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲထဲမှာ ရှိနေပြီဆိုတဲ့ ပြောဆိုမှုတွေကို ထောက်ခံခဲ့ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ စနေနေ့က မန်ချက်စတာဒါဘီမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ၂-၁ နဲ့ အထင်ကြီးဖွယ် နိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး ဒီပွဲစဉ်မတိုင်ခင်တုန်းက အများစုက အာဆင်နယ်နဲ့ စီးတီးတို့ကြားက ဆုဖလားပြိုင်ပွဲလို့သာ ရှုမြင်ထားကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာဒါဘီနိုင်ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး နယူးကာဆယ်လ် အသင်းက တန်ဟက်ရဲ့အသင်းကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို မန်ချက်စတာဒါဘီမှာ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ဗာရွမ်းက မန်ချက်စတာယူနိုက်တက်ဟာ ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “အရာအားလုံးက ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ တစ်ပွဲချင်းစီ ယှဉ်ပြိုင်သွားရမှာပါ။ သွားရမယ့်ခရီးက အရှည်ကြီးကျန်သေးပြီး အရမ်းခက်ခဲပါတယ်။ ပွဲစဉ်တိုင်းရဲ့ ပြင်းထန်မှုက မယုံနိုင်စရာကောင်းပြီး ရုပ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်မှုတွေက ပြင်းထန်ပါတယ်။ ပွဲစဉ်တိုင်းက ကြီးမားတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေရဲ့ ပြင်းထန်မှုအတိုင်းပါပဲ။ စည်းချက်က အလွန်မြင့်မားပါတယ်။ ကစားသမားတွေက ရုပ်ပိုင်းဆိုင်ရာအရ ကစားသမားတွေက အရမ်းကောင်းကောင်း ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်”

“ကျွန်တော်တို အဲဒါက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကျစ်လစ်တယ်။ ကျွန်တော်တို့က အားကောင်းတယ်။ ကျွန်တော်တို့ ဘောလုံးနဲ့အတူ အရည်အသွေးရှိတဲ့ ကစားသမားတွေကို အသုံးပြုဖို့ပဲ လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Credit