စစ်သားဆိုတာ

ယနေ့ နောက်တန်း ပြန်၀င်သည့်နေ့
တပ်ရင်းမှူးက တပ်၀င်မိန့်ခွန်းပြောပြီးသည်နှင့် သကောင့်သားများက သေနတ်အပ်၊ ရေချိုး အာမီရမ်ဆီသို့ သဝေထိုးကြလေပြီ။

ည ၉ နာရီခွဲ တန်းစီတော့
ဖိနပ်ခါးကြားထိုးသူကထိုး
တစ်ယောက်ပခုံး တစ်ယောက်ဖက်လို့
စိုင်းဆိုင်မော့ဝ် ရဲ့
“တောင်ပြာတန်းကသိတယ်”
သီချင်းကို အာလေးလျှာလေး ဆိုကြတာကတစ်ဖုံ..

“ငါတို့ကောင်ကြီးသာ ပြန်ပါလာရင်
သိပ်ပျော်ဖို့ကောင်းမှာ”ဆိုပြီး
ငိုချင်းချလျက် ပြောသူက ပြောနေကြပြီပေါ့…

တန်းစီတာ၀န်ခံ လူပျိုလိုင်း အင်ချတ်ကတော့
သူ့တပည့်တွေကို လူလိုက်စုနေချိန်..
ဓါတ်မီးတိုင်အောက်မှာ
မှောက်နေတာက ဘယ်နှစ်ယောက်…
တပ်တွင်းစားသောက်ဆိုင်မှာ
မထနိုင်တာက ဘယ်နှစ်ယောက် …
ဘားတိုက်ထဲမှာ အန်နေတာက
ဘယ်နှစ်ယာက်..
ဆရာ့ကို တပည့်လေးစားပါတယ်ဆိုပြီး
ဘာမဆိုင် ညာမဆိုင် အလေးလာပြုနေသူက ဘယ်နှစ်ယောက် စသည်ဖြင့်ပေါ့လေ…

ဒီအချိန်မှာ
အလုပ်အရှုပ်ဆုံးလူကတော့
သုံးယောက်ရှိတယ်…
တပ်တွင်းစားသောက်ဆိုင်က
တပ်ကြပ်ကြီးရယ်…
ဗဟိုကင်း ကင်းမှူးရယ်…
တပ်ရင်း တာ၀န်မှူးရယ်ပါပဲ…

ဗဟိုကင်းအချုပ်ကတော့
၀င်လာမစဲ တသဲသဲ ပေါ့ …
တပ်တွင်းအချုပ်ခန်းကို
ဒရွတ်ဆွဲ၀င် ပါးစပ်ကလဲ

“ဗိုလ်ကြီး တပည့်တာ၀န်ကျေတယ်နော်” လို့
မပီကလာ ပီကလာပြော…
တာ၀န်မှူးကလဲ..”မတတ်နိုင်ဘူးကွာ …
မူးရင်တော့ထည့်မှာပဲ” လို့
ပြန်ရှင်းပြရတယ်။

မိုးလင်းတော့ တပ်ရင်းမှူးက
တပ်ရေးဗိုလ်ကြီးကို

” အထဲမှာဘယ်လောက်တောင်
ရောက်နေပြီလဲကွ”

“တစ်ခွဲစာ လောက်တော့ရှိပါပြီ ရင်းမှူး”

” အေးအေး ပြန်ထုတ်ပေးလိုက်တော့ကွာ
နောက်ထပ်ရောက်လာကြအုံးမှာ”

” နှစ်ရက်လောက် အနားပေးပြီးရင်တော့
ပုံမှန်ဆက်လုပ်ပေါ့…

တပ်က တစ်လခွဲပဲ နားရမှာ”

” ဟုတ်ကဲ့ပါ ရင်းမှူး “

အဲ …. တစ်ခုတော့ရှိတယ်။
တစ်ချို့တပ်ခွဲက ကောင်တွေကျတော့
တစ်လခွဲနားတာ တစ်လလောက် အချုပ်ထဲ
နေရသူကလဲ ရှိသေးတာပေါ့…

တပ်ခွဲမှူးကတော့ ပြောတယ်

“ဒီကောင်တွေ အပြင်မှာထားလို့ကို မရတာဗျ…
ဒီနေ့ထုတ် ဒီနေ့သောက်နဲ့ တစ်ချိန်လုံး မူးနေတာ ထည့်ထားတာပဲ အေးတယ်” တဲ့။

အဲ့လိုမျိုး “စစ်သားဆိုး” ဆိုးတဲ့ရဲဘော်တွေ..

ရှေ့တန်းက ပြန်လာတာတာနဲ့
ခံစားချက်မှန်သမျှ အရက်ပေါ်
ပုံချတဲ့ စစ်သားတွေ…

နောက်တန်းမှာ အချုပ်ကို
အိမ်လို သဘောထားတဲ့ ရဲဘော်ကြီးတွေ..

ပဲဟင်းတစ်ခွက်၊ သေနတ်တစ်လက် နဲ့
ဘ၀ကို ချခင်းထားတဲ့ ရဲဘော်ကြီးတွေ…

နောက်တန်းမှာ ဘယ်လောက်ပဲ
ဆိုးဆိုးပေပေနေခဲ့ကြပေမယ့်…
ရှေ့တန်းရောက်ပြီဆိုရင်တော့

“ပွိုင့်ဘယ်သူထွက်မလဲ” ဆိုလိုက်တာနဲ့

” ကျနော် ထွက်မယ်ဗိုလ်ကြီး” လို့
ပါးစပ်က တန်းခနဲပြောတတ်ကြတယ်…

” ဟိုတောင်ကုန်း ဘယ်သူရှင်းမလဲ”ဆိုတာနဲ့
“ကျနော် ချမယ်ဗိုလ်ကြီး” လို့ မဆိုင်းမတွ
ဖြေကြတယ်။

“ဒီမြစ်ကို ဘယ်သူဖြတ်မလဲ “ဆိုရင်
ကြိုးခွေကို ကိုယ်မှာသိုင်း
ပါးစပ်က ကြိုးစကို ကိုက်လို့
မြစ်ပြင်ထဲ အရင်ဆုံး ဒိုင်ပင်ထိုးဆင်းတယ်။

ရဲဘော်ရဲဘက်တစ်ယောက် ကျကျန်ခဲ့ရင်
” ကျနော် ပြန်ဆွဲမယ် ဗိုလ်ကြီး” လို့
ခံစားချက်အပြည့်နဲ့ ပြောတတ်ကြတယ်။

ရှေ့မှာ မိုင်းကွင်းရှိနိုင်တယ် ဆိုရင်
“ကျနော် အရင်ဖြတ်မယ် ဗိုလ်ကြီး ” လို့
ရဲရဲဝံ့ဝံ့ ဖြေတတ်ကြတယ်။

“တစ်ယောက်၀င်တိုးဘို့ လိုနေပြီ “လို့
တပ်ခွဲမှူးက ပြောရင်
သတ်ကွင်းကို မဆိုင်းမတွ ပြေးတက်လို့
သေမင်းကို စိန်ခေါ်တတ်ကြတယ်..
သတ္တိသိပ်ကောင်းကြတယ်။
Do or Die စိတ်မွေးကြတယ်။

သူတို့အတွက် ဘ၀ဆိုတာ တိုက်ပွဲမဟုတ်..
တိုက်ပွဲဆိုတာ ဘ၀ပဲလို့ ခံယူထားကြတယ်…
တပ်ခွဲမှူးတွေက ဒီလိုစစ်သားတွေကို
ဘယ်နေရာမှာ ဘယ်လိုအသုံးချရမလဲ
ဘယ်နေရာရောက်ရင် ဘယ်လိုအုပ်ချုပ်ရ
မလဲဆိုတာကိုလည်း ကောင်းကောင်း
သိကြရတယ်။

တစ်ချို့လူတွေ ခေါ်ခေါ်နေကျတဲ့
စစ်ခွေးဆိုတဲ့ တပ်မတော်သားတွေဟာ
ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်
အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန်
အဓိဌာန်ပြုပါတယ်လို့ သစ္စာဆိုခဲ့တဲ့အတိုင်း
အသက်စွန့်ဖို့ ဝန်မလေးကြတဲ့ သူတွေပဲ…

အပေါ်မှာ ကျနော်ပြောခဲ့တဲ့
စစ်သားဆိုးကြီးတွေဟာ
နိုင်ငံရေး နားမလည်ဘူး။
ပေါ်လစီဆိုတာ စာလုံးတောင်
မပေါင်းတတ်တဲ့ သူတွေရှိတယ်…
ဒီမိုကရေစီဆိုတာလဲ ကြားဖူးယုံပဲရှိတယ်။
ဖေ့ဘွတ်ဆိုတာလဲ သူတို့မသုံးတတ်ဘူး။

တစ်ချို့တွေ သူတို့ကို ထိုင်ဆဲနေလဲ
သူတို့မကြားရ၊ မမြင်ရဘူး။
အခွင့်ထူးခံလို့ပြောလဲ သူတို့မသိဘူး။

သူတို့သိတာ သစ္စာလေးချက်
သူတို့သိတာ သေနတ်တစ်လက်
ခံယူချက်က တာ၀န်။
နာခံမှုက အမိန့်။

တစ်နေ့ နေ့မှာ
သူ့ နိုင်ငံတော်၊
သူ့ နိုင်ငံသားဘ
သူ့တပ်မတော်အတွက်
သူ့ရဲ့အသက်ကို လိုအပ်လာပြီ ဆိုရင်တော့
အသက်ရှူဖို့တောင် မစဉ်းစားတော့ပဲ
အသက်ကို ရဲရဲကြီး ပေးအပ်လိုက်ပါတော့တယ်…

အဲ့ဒါ မြန်မာ့တပ်မတော်သား
စစ်သားဘဝပါပဲဗျာ….