ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဇန်နဝါရီ ၁၀ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့သို့ နည်းပညာပိုင်းဆိုင်ရာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှု အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက်တိုးမြှင့်တောင်းခံနိုင်ရေးနှင့် ထပ်မံထုတ်ပြန်မည့် အမိန့်ညွှန်ကြားချက်များကို သတ်မှတ်ထားသည့်ကာလအတွင်း အပြီးဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှု အန္တရာယ်များကို နားလည်သိရှိမှုတိုးတက်ကြောင်းပြသရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းအပါအဝင် ဟွန်ဒီလုပ်ငန်းများနှင့် ဆက်စပ်သည့်စည်းမျဉ်းများကို အကောင်အထည် ဖော်ဆောင်ရန်၊ နိုင်ငံတကာမိတ်ဖက်အဖွဲအစည်းများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးဆိုင်ရာထောက်လှမ်းရေး သတင်းအချက် အလက်များပေးခြင်းကိုတိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တရားဝင်လမ်းကြောင်းနှင့် အလွတ်သဘော (Informal) လမ်းကြောင်းနှစ်ရပ်လုံးဖြင့် ဆောင်ရွက်ရန်၊ လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာတာဝန် ဝတ္တရားများနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ရှေ့ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုဆွေးနွေးပြီး လာမည့်ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ စံနှုန်းသတ်မှတ်ချက်တောင်းခံရာတွင် တိုးမြှင့်ရရှိစေရေးအတွက် ကြိုးပမ်းကြရန်ပြောကြားခဲ့ပါတယ်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အားနည်းချက်များကြောင့် ထည့်သွင်းခြင်းခံရသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ (FATF)၏ ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံနှင့် ဒေသများစာရင်းမှ အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် ပုံမှန်အစည်းအဝေးများပြုလုပ်၍ သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များကို အချိန်မီပြီးစီးစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။