ငါးသားပေါက်မွေးမြူရင် ကြုံရတတ်တဲ့ရောဂါများ

ငါးသားပေါက်မွေးမြူရာတွင် ရေ၏ အပူချိန် အတိုင်းအတာကို ထိန်းချုပ်တတ်ခြင်းမှာ အရေးပါသကဲ့သို့ ရာသီဥတုကြောင့်
ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဘယများကိုလည်း သိရှိထားရန် အထူးလိုအပ်သည်။
အအေးပိုင်းကာလများတွင် ငါးများသည် အရေပြားရောဂါနှင့် ဗိုင်းရပ်စ်ရောဂါများ ဖြစ်ပွားတတ်ပြီး၊
ရောဂါဖြစ်ပွားချိန် ယေဘုယျသွင်ပြင် အနေဖြင့်-
(၁) နှုတ်ခမ်းများ ဖြူလာကာ အစာစားနှုန်း ကျဆင်းခြင်း၊
(၂) ဆူးတောင်များ အနီရောင်သန်းလာခြင်း၊
(၃) အရေပြားပေါ်တွင် အနီရောင်အစက်အပျောက်များ ဖြစ်ပေါ်လာခြင်း၊
(၄) အရေပြားပေါ်တွင် မှိုစွဲသကဲ့သို့ အရေပြားများ လန်ပြီး အကွက်လိုက်ဖြစ်ခြင်း စသည့်
သွင်ပြင်လက္ခဏာများကို တွေ့မြင်ရနိုင်သည်။
ငါးရောဂါများ ကျရောက်ပါက သက်ဆိုင်ရာဆေးဝါးများ သုံးစွဲရသဖြင့် ကုန်ကျစရိတ်များ၍ တွက်ချေမကိုက်နိုင်သဖြင့်၊
ရောဂါပေါက်ဖွားမှု နည်းစေရန် ငါးကန်သန့်ရှင်းရေးကို အဓိကထား ဂရုစိုက်ခြင်းနှင့် ကန်၏ အပူချိန်ကို ထိန်းသိမ်းပေးခြင်းများ
ကြိုတင်လုပ်ဆောင်သင့်ကြောင်း သိရသည်။
ရောဂါကျရောက်မှု နည်းနိုင်သမျှ နည်းစေရန်၊ ဆောင်းအကုန်-နွေအကူး ရာသီအကူးအပြောင်းကာလတွင် ငါးသားပေါက်
ထည့်သွင်းမွေးမြူခြင်း မလုပ်ပဲ၊ မေလမှ သြဂုတ်လအထိ ကာလများတွင်သာ ငါးမွေးမြူသင့်ကြောင်း ငါးမွေးမြူရေး
ကျွမ်းကျင်သူများက ပြောသည်။
နွေရာသီများနှင့် အပူချိန်မြင့်မားသည့် အရပ်ဒေသများတွင် ငါးသားပေါက် စတင်ထည့်သွင်းပါက အပူဒဏ်ကာကွယ်ပြီး
ရေ၏အပူချိန် level ကို ညှိယူနိုင်စေရန်-
(၁) ကန်ရေကို အပေါ်ရေ အောက်ရေ လှည့်ပေးခြင်း (သို့မဟုတ်) ရေသစ်ထပ်ဖြည့်ခြင်း။
(၂) မြေကန်ဖြင့် မွေးမြူပါက ငါးကန်အနီး၌ အရိပ်ရအပင်များ စိုက်ပျိုးပြီး အပူဒဏ်ကို ထိန်းပေးနိုင်ခြင်း။
ဥပမာ- ကန်အနီး၌ ငှက်ပျောပင်များ စိုက်ပျိုးခြင်း။
(၃) တစ်နိုင်တပိုင်သမားများ အနေဖြင့် ငါးကန်ပေါ်တွင် အရိပ်ရစေရန် အမိုးထိုးပေးခြင်း စသည့် လွယ်ကူရိုးရှင်းသော
နည်းစနစ်များဖြင့် အပူဒဏ်မှ ကာကွယ်ပေးနိုင်သည်။