ငါးမူးဖိုးလောက်

   ကံကံ၏ အကျိုးကို ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်များအဖို့ အတိတ် ကာလ၏ ကုသိုလ် အကုသိုလ်များသည် လက်ရှိဘဝ ဖြတ်သန်းရာတွင် များ စွာ အကျိုးသက်ရောက်မှုရှိကြောင်း ယုံကြည်ကြ၏။

   လူတစ်ဦးနှင့် တစ်ဦးသည်လည်း ဖြတ်သန်းကြီးပြင်းလာမှု မတူကြပေ။ မိခင် တစ်ဦးထဲမှ မွေးဖွားလာသော သားသမီးများပင်လျင် ဘဝကံ အကျိုး ပေး မတူကြသည်ကိုလည်း တွေ့ရသည်။ ထိုဘဝ အတွေ့အကြုံ များကပင် လူတစ်ဦးစီ၏ အတွေးအခေါ်များကို ပြောင်းလဲသွားနိုင်ခြင်းလည်း ဖြစ်ပေ မည်။

   သာမန်နှင့် မတူသော အတွေးအခေါ် ပညာရှင်များထဲတွင် ဆရာလည်း ပါသည်။ စည်းကမ်းအရာတွင် တိကျလွန်းခြင်း၊ ကတ်သီးကတ်သတ် ခိုင်း တတ်ခြင်း၊ ငွေကြေးသုံးစွဲရာတွင် စစ်စီလွန်းခြင်းများက ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်။ တစ်ချိန်မှာ ဟာသဖြစ်မည် ဆိုသော်လည်း လက်ရှိမှာတော့ ဒုက္ခရောက်နေကြသည်။

   ဗန်းမော်စျေးကြီး အတွင်းမှာ ဖြစ်၏။

   ဆရာနှင့် အကူရဲဘော် ကျော်အေးမောင်တို့ စျေးဝယ်ရန် ရောက်နေ ခြင်းဖြစ်၏။ အရင်ဆို ကျော်အေးမောင် တစ်ယောက်ထဲ စျေးဝယ်နေကြ။ တပည့်ကျော်၏ စျေးစာရင်းများကို ဆရာက သံသယရှိနေသည်။ ဥစ္စာဖြို စဖိုက မဟုတ်လား။

   စျေးကို မလိုက်စဘူး အရပ်ဝတ်ဖြင့် လိုက်လာခြင်းဖြစ်သည်။ စျေးနှုန်း တွေကို စုံစမ်းမည်ပေါ့။ ကျော်အေးမောင်ကတော့ ဆရာခုလို စျေးလိုက်လာ တာကို သဘောကျသည်။ ဒါမှ စျေးနှုန်းအမှန်တွေကို သူသိသွားမှာ။ 

   ဒီလိုနဲ့ တပ်ထောက်ဗိုလ်ကြီးပါ လိုက်ခဲ့ဆိုလို့ ကျွန်တော်ပါ သူတို့နှင့် အတူ ပါလာရပြန်သည်။

   စျေးဝယ်နေသော ကျော်အေးမောင်၏ မလှမ်းမကမ်းမှ လိုက်လာရင်း စျေးနှုန်းတွေကိုကြားပြီး...

   " လူလေး...စျေးတွေကလည်း ကြီးလိုက်တာနော်"

   "မြစ်ကြီးနားစျေးက ဗန်းမော်ထက်တောင် များသေးတယ်ခင်ဗျ.. တပ်ရင်းမှူး စျေးထဲလာလေ့မရှိလို့သာ စျေးကြီးတယ်လို့ ထင်တာပါ"

   " အေးလေ...ကျုပ်ထင်ထားတဲ့ စျေးတွေထက် များနေတာကိုး"

   တပည့်အပေါ် သံသယ ဖြစ်မိတာများ မှားပြီလားပေါ့။ ဆက်တော့ လေ့လာကြည့်ရမှာပဲ။

   အရပ်ဝတ်နှင့် ရုပ်ဖျက်ထားလို့ သူ့ကို ဘယ်သူမှ မသိနိုင်ဘူးလို့ ဆရာက ထင်နေပေမဲ့ စျေးသည်အားလုံးက ဆရာ့ကို တပ်ရင်းမှူးမှန်း သိကြသည်။

   နံနက်ခင်း စျေးအတွင်း စည်ကားပုံကတော့ လမ်းလျောက်ရန်ပင် ခက်ခဲနေသည်။ ဟိုရှောင် ဒီကွေ့နှင့် သွားနေရတာကိုပင် ဆရာ ပျော်နေပုံ ရသည်။ လူကြီးဆိုသော အသိနှင့် အထီးကျန်မှုတွေတော့ တဒင်္ဂ လျော့ ပါး သွားမှာအမှန်။

   ဟိုကြည့် ဒီကြည့် ဟိုမေး ဒီမေးနှင့် လျောက်လာရင်း စျေးပေါက်ဝရှိ ကွမ်းရွက်ရောင်းသော ဆိုင်ရှေ့ရောက်လာသည်။ ဆရာက တစ်ခါတရံ ကွမ်းယာကို အိမ်မှာယာစားလေ့ရှိသည်။ စျေးသည်မလေးအား...

   " လုံမလေး...ကွမ်းရွက်ဘယ်စျေးတုန်းကွဲ့"

   " တစ်ပိဿာ ၃၀၀ပါရှင့်"

   " အောင်မယ်လေး...စျေးကြီးလှချည်လား"

   ရင်ဘတ်အား လက်ဖြင့်ဖိပြီး အံ့သြသွားသော လေသံဖြင့် မျက်လုံး ပြူးကာ အောင်မယ်လေး တသွားသည်။

   " ပုံမှန်စျေးပါရှင့်...သင်္ဘော အဝင်အထွက်ကြောင့် စျေးအတက်အကျ ရှိတာပါ"

   စျေးသည်မလေးက အခြေအနေကို ရှင်းပြနေသည်။

   " ကဲ..ကဲ..ဒါဆိုလဲ ငါးမူးဖိုးလောက် ရောင်းပေးပါလား"

   " ရှင်"

   ပါးကွက်ကြားနှင့် ကွမ်းရွက်သည်လေး မျက်လုံးကြီး ပြူးပြီး ဆရာ့ကို လှမ်းကြည့်နေရှာသည်။ မည်ကဲ့သို့ ရောင်းပေးရမည်ကို မသိတော့။ စျေး ရောင်းလာသည့် သက်တမ်းတလျောက် ယခုလို လာဝယ်သူကိုလည်း မ တွေ့ဖူးခဲ့ပါ။ ဘယ်လိုလူကြီးပါလိမ့်။

   " ငါးမူးဖိုးတော့ မရောင်းတတ်ဘူးရှင့်... လိုသလောက်သာ အလကား ယူသွားပါ"

   ကွမ်းရွက် အရွက်၂၀ခန့် ဖက်နှင့်ထုတ်၍ ပေးလိုက်ပါတော့သည်။

   " ကျေးဇူးပဲနော် လုံမလေး...နောက်လည်း လာအားပေးမယ်"

   ကျော်အေးမောင်ကတော့ မျက်နှာပူပူနှင့် စျေးသည်မလေး လှမ်းပေး သော ကွမ်းရွက်ထုတ်ကို စျေးခြင်းတောင်းအတွင်း ထည့်ယူလာခဲ့သည်။

   စျေးအပြင်ဖက်တွင် ရပ်ထားသော ကားနေရာကိုရောက်တော့...

   " လူလေး ကျော်အေးမောင်...စျေးဝယ်တယ်ဆိုတာ ဒီလိုဝယ်ရတယ် ကွဲ့.. တွေ့လား.. ကွမ်းရွက် ငါးမူးဖိုး အလကားရလာတယ်..ဟေး..ဟေး"

   ဝမ်းသာဟန်ဖြင့် ပြောနေသော ဆရာ့အမူအရာလည်း ကျော်အေး မောင် စကားကြောင့် ဝမ်းသာမှု အရှိန်ပင် ရွံ့တွံ့တွံ့ ဖြစ်သွားပါတော့သည်။

   " တပ်ရင်းမှူးကို တပ်ရင်းမှူးမှန်းသိလို့ အားနာပြီး ပေးလိုက်တာလေ.. ကျွန်တော်ဝယ်ရင် ဘယ်ပေးပါ့မလဲ။ ဒီလို စျေးသက်သာချင်ရင်တော့ နေ့ တိုင်း တပ်ရင်းမှူး ဈေးလာဝယ်မှရမယ်.. စောစောထတော့ ကျန်းမာရေး တောင်ကောင်းသေး"

   ဗိုလ်ကြီးဘဝထဲက အတူလိုက်ပါ ထမင်းချက်နေသော တပည့်ဖြစ်လို့ လည်း ပြန်ပြောရဲခြင်း ဖြစ်မည်ထင်ပါသည်။

ဆက်ရန်