ခွေးကိုက်ခံရပြီး သေဆုံးသွားတဲ့ ကလေးနှစ်ဦးအတွက် နယူးဒေလီမြို့ခံတွေ ဒေါသထွက်နေကြ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ခွေးကိုက်ခံရပြီး သေဆုံးသွားတဲ့ ကလေးသူငယ်အရွယ် ညီအစ်ကိုနှစ်ဦးရဲ့ဖြစ်စဉ်ကြောင့် မြို့တော်နေလူထုက ခွေးလေခွေးလွင့်တွေအပေါ် လက်သီးလက်မောင်းတန်းရင်း ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။

အသက် ၇ နှစ်အရွယ်ရှိ ယောက်ျားလေးဖြစ်တဲ့ အာနန်ဟာ မတ်လ ၁၀ ရက်၊ မွန်းလွဲပိုင်းမှာ နယူးဒေလီမြို့တော်ရဲ့ အနောက်တောင်ဘက်ခရိုင်၊ Vasant Kunj အမည်ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုထဲက သူ့နေအိမ်ကနေ ပျောက်ဆုံးသွားကြောင်း ကနဦးသတင်းရရှိပါတယ်။

အဲဒီနောက် နှစ်နာရီအကြာမှာ တစ်ကိုယ်လုံး ဒဏ်ရာတွေအပြည့်နဲ့ သူ့အလောင်းကို ဆိတ်ငြိမ်တဲ့တစ်နေရာမှာ ပြန်တွေ့ခဲ့ရပါတယ်။ အဲဒီနေရာတဝိုက်ဟာ ခွေးလေခွေးလွင့်တွေ ကျင်လည်ကျက်စားနေတယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။
အဲဒီကလေးရဲ့အလောင်းမှာ ခြေထောက်၊ ကျော၊ တင်ပါး၊ လည်ပင်းနဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာတွေရှိနေပြီး သွေးစွန်းနေတဲ့ အဝတ်တွေ ပေကျံနေတာ တွေ့ရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။

နောက်နှစ်ရက်အကြာ မတ်လ ၁၂ ရက်မှာ ရပ်ကွက်နဲ့အနီးအနား တောအုပ်ထဲမှ ဝမ်းကွဲညီအစ်ကိုတစ်ဦးနဲ့အတူ အိမ်ကနေထွက်ခွာလာတဲ့ အာဒစ်ယာဆိုတဲ့ကလေးလည်း ခွေးလေခွေးလွင့်တွေ ဝိုင်းကိုက်တာ ခံခဲ့ရပါတယ်။ အာဒစ်ယာဟာ မတ်လ ၁၀ ရက်တုန်းက သေဆုံးသွားတဲ့ အာနန်ရဲ့ညီလေးဖြစ်ပါတယ်။