ဂါဇာကမ်းမြောင်မှာ အစ္စရေးတပ်တွေရဲ့ ပထမဆုံးကြည်းကြောင်းတိုက်ခိုက်မှုစတင်

ဂါဇာကမ်းမြောင်သို့ အစ္စရေးခြေလျင်တပ်တွေရဲ့ ပထမဆုံး ကြည်းကြောင်းတိုက်ခိုက်မှုကို အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ပြီး လက်တုံ့ပြန်ရေး စစ်ဆင်ရေး စတင်နေပြီဖြစ်ကြောင်း အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးမြို့တွေကို စီးနင်းခဲ့ပြီး ဂျူးလူမျိုး ၁,၃၀၀ ကို သတ်ဖြတ်ခဲ့သလို ဓားစာခံတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက အစ္စရေးဟာ ပါလက်စတိုင်းလူမျိုး ၂ ဒသမ ၃ သန်းနေထိုင်ပြီး ဟားမာ့စ်စစ်သွေးကြွတွေလှုပ်ရှားနေတဲ့ ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝဝိုင်းရံပိတ်ဆို့ခဲ့ပါတယ်။

မကြုံစဖူး အစ္စရေးလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၁,၉၀၀ ခန့်ရှိခဲ့ကြောင်း ဂါဇာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ နေထိုင်သူဒေသခံ တစ်သန်းကျော်ကို တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ကြရန် အစ္စရေးက ၂၄ နာရီ အချိန်ပေးခဲ့ပါတယ်။

တင့်ကားတွေ ကျောထောက်နောက်ခံပြုထားတဲ့ မိမိတို့တပ်ဖွဲ့တွေဟာ အခုပဋိပက္ခစတင်ကတည်းက ဂါဇာရှိ မြေပြင်ကြည်းတပ်တွေရဲ့ ပထမဆုံးထိုးစစ်အဖြစ် ဟားမာ့စ်ဒုံးကျည်တပ်ဖွဲ့တွေကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ရန်သူတွေကို အရင်က ထုတ်မသုံးဖူးသေးတဲ့ စစ်ရေးစွမ်းရည်တွေနဲ့ တိုက်ခိုက်နေပါပြီ” လို့ ဟု နေတန်ယာဟုက ဂျူးဥပုသ်နေ့ စတင်ပြီးချိန်မှာပဲ ရုပ်သံလိုင်းမှ ရှောင်တခင် ထုတ်လွှင့်တဲ့ အတိုချုပ်မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

“ဒါက အစပဲရှိသေးတယ်လို့ ကျနော် အလေးအနက်ပြောချင်ပါတယ်” လို့ နေတန်ယာဟုက ဆက်လက်ပြောကြားခဲ့ပါတယ်။