ချောင်းနှစ်ခွမှ သူရဲကောင်းများ (၅ – ဇာတ်သိမ်း)

ချောင်းနှစ်ခွတိုက်ပွဲ အပိုင်း-၅ ကိုတော့ တိုက်ပွဲအတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များရဲ့ လုပ်ဆောင်ချက်များဖြင့် ဇာတ်သိမ်းပါရစေ..။

ချောင်းနှစ်ခွတိုက်ပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်တွေရဲ့ လုပ်ဆောင်မှုကလည်း တော်တော်ကို ချီးကျူးစရာ ကောင်းလှပါတယ်။ချောင်းနှစ်ခွမှာတာဝန်ကျနေတဲ့ ဒုရဲမှူးဟာ ၎င်းလက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲမဖြစ်ပွားမီ အချိန်ကာလကတည်း တိုက်ပွဲဖြစ်ပွားလာပါက လုပ်ရမယ့်အခြေအနေတွေကို အသေစိတ်မှာကြားထားပြီး ဖြစ်ပါတယ်။

ဒုရဲမှူးရဲ့ မျှော်တွေးထားတဲ့အတိုင်း တိုက်ပွဲဖြစ်လာချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်များဟာ တိုက်ပွဲဝင်အသင့် ဖြစ်နေခဲ့ပါတယ်။တချို့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရဲရင့်မှုတွေဆိုရင် တော်တော်ကိုလေးစားစရာ ကောင်းပါတယ်။ တိုက်ပွဲစဖြစ်ဖြစ် ချင်းမှာပင် ရဲတပ်သား စံလင်းဟာ ရန်သူထံမှ အလောင်းနဲ့ M-22 သေနတ်ကိုပါ ရအောင်ဆွဲနိုင်ခဲ့တဲ့အထိ သတ္တိတွေ ကောင်းခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း တပ်မတော်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရန်သူကို ပြင်းပြင်းထန်ထန် တိုက်နိုင်ခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေလိုတောင်မဟုတ်တော့ဘဲ စစ်သည်တော်တွေလိုပဲ ရဲရင့်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသူတွေဖြစ်နေကြတာ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။

ဒီတိုက်ပွဲမှာ အတွေ့အကြုံရှိတဲ့ ဒုရဲမှူးဟာ ရန်သူထံမှရရှိခဲ့တဲ့ ဆက်သွယ်ရေးစက်ကို ကောင်းကောင်းသုံးချပြီး ရန်သူလုပ်ဆောင်မယ့် သတင်းတွေကို ကြားဖြတ်ဖမ်းယူကာ မိမိတပ်ဖွဲ့တွေကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒုရဲမှူးဟာ ဆေးသင်တန်းကို တက်ရောက်ခဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သည်တွေနဲ့ ရဲတပ်ဖွဲ့ဝင်များကို ၎င်းကိုယ်တိုင် ဆေးထိုး ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ပါသေးတယ်။

အကြမ်းဖက်သမားများဟာ တိုက်ပွဲစဖြစ်ချိန်မှာ ရဲတပ်ဖွဲ့ဝင်များရှိတဲ့ နေရာကို အဓိကထားဖိတိုက်ခဲ့ပါတယ်။ ရန်သူရဲ့အထင်က ရဲတပ်ဖွဲ့ဝင်တွေက စိတ်ဓာတ်ပျော့မယ်ထင်ပြီး ဖိတိုက်တာပါ။ ဒါပေမယ့် သူတိုအထင်နဲ့ အမြင် တလွဲစီဖြစ်သွားပြီး ရဲတပ်ဖွဲဝင်များရဲ့ ရဲရင့်တဲ့ သေနတ်ပြောင်းဝအောက်မှာ တော်တော်များများ သေဆုံးကုန်ပါတယ်။

ဒါကြောင့် အကြမ်းဖက်သမားဟာ ရဲတပ်ဖွဲ့ဝင်များရဲ ဖုန်းနံပါတ်များကို စုံးစမ်းပြီး တစ်ယောက်ချင်းစီကို ဖုန်းဆက်ကာ စိတ်ဓာတ်စစ်ဆင်ရေးတွေ စတင်ပါတော့တယ်။

ရန်သူတွေ ဘယ်လိုပင် ဖုန်းဆက်ပြီး စိတ်ဓာတ်စစ်ဆင်ရေး တွေလုပ်နေပါစေ ရဲတပ်ဖွဲ့ဝင်များရဲ စိတ်ဓာတ်ကို မဖြိုချနိုင်ခဲ့ပါဘူး။

ချောင်းနှစ်ခွစခန်းကို လာရောက်တိုက်ခိုက်တဲ့အထဲမှာ လက်ပြတ်အယ်စေးဝါးရဲ့အဖွဲ့တွေ အများစု ပါဝင်ပါတယ်။ အကြမ်းဖက်သမားတွေ စတင်တိုက်ခိုက်ချိန်တွေမှာ Lion Battalion ဆိုပြီး ကြွေးကြော် တိုက်ခိုက်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်တွေနဲ့တွေ့တဲ့အချိန်မှာ Dog Battalion ဖြစ်သွားပါတယ်။

တပ်မတော်(လေ)မှ ရိက္ခာထုပ်များလာချပေးချိန်မှာလည်း ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိအောင်၊ ရန်သူစနိုက်ပါရန်မှ ကင်းဝေးအောင် အကဲကြည့်သူက ဒုရဲမှူးပဲဖြစ်ပါတယ်။ ဒုရဲမှူးဟာ ရန်သူထံမှ ရရှိထားတဲ့ ဆက်သွယ်ရေးစက်ဖြင့် ကြားဖြတ်များဖမ်းယူကာ ရိက္ခာထုပ်တက်ဆွဲမယ့် မိမိတပ်ဖွဲ့ဝင်တွေကို စက်လက်ထောက်ကာ ကာကွယ်ပေးခဲ့ပါတယ်။

ရန်သူဟာ ချောင်းနှစ်ခွစခန်းကို ဒရုန်းနဲ့ ဗုံးချရုံတင်မဟုတ်ဘဲ စခန်းကို မီးလောင်ပြာချဖို့အထိ လုပ်ခဲ့ပါသေးတယ်။ ရန်သူဟာ ဆီပုလင်းများကို မီးစာတပ်ပြီး စခန်းအတွင်းကို ဒရုန်းနဲ့ပစ်ချပေမယ့် ရဲတပ်ဖွဲဝင်များရဲ့ ပစ်ချမှုကြောင့် စခန်းကို မီးမရှိနိုင်တဲ့အပြင် ဒရုန်းပါ ဆုံးရှုံးခံလိုက်ရပါတယ်။

၂၉-၁၂-၂၀၂၃ ရက်နေ့မှာတော့ ရန်သူရဲ့ နောက်ဆုံးတိုက်ပွဲ စတင်ချိန်မှာတော့ အကြမ်းဖက်သမားများဟာ ဒရုန်းများနှင့်အဆက်မပြတ် Drop ဗုံးချ တိုက်ခိုက်သည့်အတွက် မိမိတပ်ဖွဲ့ဝင်များကို အနီးကပ်ကွပ်ကဲနေတဲ့ ဒုရဲမှူးဟာ ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့သလို ရန်သူရဲ့ စနိုက်ပါပစ်ခတ်မှုကြောင့် မေးစေ့မှာ စနိုက်ပါကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုရက်ရှည်များစွာတိုက်ပွဲဖြစ်ပွားနေချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်း မွန်စွာဖြင့် တိုက်ပွဲဝင်ခဲ့တာက တစ်ကယ်ကို လေးစားဖို့ကောင်းပါတယ်။

၃၀-၁၂-၂၀၂၃ ရက်နေ့မှာတော့ စစ်ကူ BGF တပ်ဖွဲ့ဝင်များနဲ့ တပ်မတော်စစ်ကြောင်းများ ချောင်းနှစ်ခွစခန်းကို စစ်ကူရောက်ရှိလာတဲ့ အချိန်မှာတော့ အကြမ်းဖက်သမားများဟာ ဆုံးရှုံးမှုများစွာဖြင့် ထွက်ပြေးသွားပြီး တိုက်ပွဲလည်း ပြီးဆုံးသွားခဲ့ပါတယ်။

တိုက်ပွဲကာလတစ်လျှောက်မှာ မယိမ်းမယိုင်ဘဲ စိတ်ဓာတ်ခိုင်မာစွာဖြင့် တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုက်ပွဲဖြစ်ပွားနေစဉ်မှာ စစ်ကူပစ်ကူပေးခဲ့တဲ့ BGF တပ်ဖွဲ့ဝင်များနှင့် မိမိတပ်ဖွဲ့ဝင် ညီအစ်ကိုများအတွက် အသက်စွန့်ကာ စစ်ကူရောက်အောင်လိုက်လာခဲ့တဲ့ တပ်မတော်သားအားလုံးကို ဂုဏ်ယူလေးစားလျက်…။