ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကြိုးပမ်းနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းသည် ယာဂန်ကလော့ပ်လက်ထက်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သလို၊ မန်စီးတီးနှင့်အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကောင်းဆုံးစိန်ခေါ်နိုင်သည့်အသင်းအဖြစ် ရပ်တည်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင်မူ အဆင့်(၅)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုနွေရာသီတွင် အသင်းခေါင်းဆောင် ဟန်ဒါဆန်အပါအဝင် အမာခံဝါရင့်ကစားသမားများကို ဆုံးရှုံးထားရသည့်အသင်းဖြစ်သည်။ ကွင်းလယ်ကစားသမားများဖြစ်သည့် ဟန်ဒါဆန်နှင့် ဖာဘင်ညိုတို့ကို ဆော်ဒီကလပ်အသင်းများက ခေါ်ယူသွားခဲ့ပြီး ဂျိမ်းစ်မီလ်နာ၊ နာဘီကီတာ၊ ဖေမီနိုနှင့် ချိန်ဘာလိန်တို့လည်း စာချုပ်သက်တမ်းကုန်ဆုံး၍ အသင်းနှင့် လမ်းခွဲသွားခဲ့သည်။ လီဗာပူးလ်အသင်းသည် ဈေးကွက်မပိတ်မီ ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရိုသန်း(၁၉၀)၊ ပေါင်သန်း(၁၆၀)ဝန်းကျင် အသုံးပြုသွားရန် ပြင်ဆင်နေပြီး ပစ်မှတ်ထားနေသည့် ကစားသမားများထဲ၌ ချယ်လ်ဆီးနှင့် အပြိုင်လုနေရသည့် ကိုင်စီဒိုနှင့် လာဗီယာတို့အပြင် နိုက်စ်အသင်းမှ ပြင်သစ်ကွင်းလယ်လူ ခီဖရန်သူရမ်၊ ဒေါ့မွန်အသင်းမှ နယ်သာလန်တိုက်စစ်မှူး မာလန်၊ ဘိုင်ယန်မြူးနစ်အသင်းမှ မော်ရိုကိုနောက်ခံလူ မာဇရာအူတို့ ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း(၇၀)ကျော်သာသုံးစွဲခဲ့ပြီး ယင်းကဲ့သို့ ပြင်ဆင်မှုအားနည်းခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်မှုအချို့လည်း ရှိခဲ့သည်။