ကြေးအိုး ချက်စားကြရအောင်

ကြေးအိုးပြုလုပ်နည်း

အရိုးပြုတ်ရည်က အဓိကပါ။ ဝက်ရိုး (သို့) ကြက်ရိုး နှစ်သက်ရာအသုံးပြုပါ။ ဝက်ရိုးတွေကို သကြား ဆား ထည့်ပြီး အချိန် တစ်နာရီခွဲခန့် ခပ်ကြာကြာလေးတည်ထားပေးပါ။ ရေခမ်းခါနီးဆို ရေထပ်ထည့်ပြီး တည်ပါ။ အပေါ်ယံဝေ့တက်လာတဲ့ အမဲဖတ်များခပ်ထုပ်ပစ်ပါ။

ကြာဇံကို နာရီဝက်ခန့်ရေစိမ်ထားပါ။ ကုဆိုင် နဲ့ မုန်ညှင်းရွက်များကို ရေစင်အောင်ဆေးပြီး လှီးဖြတ်ထားပါ။ ငုံးဥအသင့်ပြုတ်ပြီး အခွံခွာထားပေးပါ။

အသားလုံးများပြုလုပ်ဖို့အတွက် ဝက်သား (သို့) ကြက်သား (သို့) ငါးဖယ်များကို ကော်မှုန့်( အနည်းငယ်မျှသာ ) ဆား သကြား ငရုတ်ကောင်းမှုန့် ထည့်ပြီး ကြိတ်စက်ဖြင့်ကြိတ်ပါ။ ပြီးမှ အလုံးပုံစံလေးများလုံးထားပြီး အအေးခန်းတွင် တစ်နာရီခွဲခန့် နှပ်ထားပေးပါ။

အရိုးပြုတ်ရည်ထဲသို့ အသားလုံးများ ( အခြား ကလီစာ ကျောက်ကပ် အသည်း ) နဲ့ ငုံးဥ ဆား သကြား တို့ကိုထည့်ပြီး မိနစ်၂၀ခန့် ဆက်တည်ပါ။ အရည်နည်းနေတယ်ထင်ရင် ရေထပ်ထည့်ပြီးတည်ပါ။ ရေစိမ်ထားသော ကြာဇံကို ဆယ်ယူပြီး အရိုးပြုတ်ရည်ထဲသို့ ကြာဇံပြုတ်တဲ့ဇကာလေးထည့်ပြီး ကြာဇံအား မပျော့မမာအနေထားရအောင်ပြုတ်ပြီး ကြာဇံကိုပြန်ဆယ်ယူထားပါ။
ပဲပြား ကုဆိုင် နဲ့ မုန်ညှင်းကိုလည်း ကြာဇံပြုတ်သလိုဘဲ အရိုးပြုတ်ရည်ထဲကို ဇကာထည့်ပြီး ပဲပြား ကုဆိုင် နဲ့မုန်ညှင်းထည့်ပြုတ်ပါ။ အနေတော်အနေထားရမှ ပြန်ဆယ်ထားပါ။

ကြာဇံ မုန်ညှင်း ကုဆိုင် အသားလုံး ငုံးဥ ပဲပြားထည့်ပါ။ အရိုးပြုတ်ရည်ထည့်ပြီး ငရုတ်ကောင်းမှုန့်ဖြူးကား ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။

အချဉ်ရည်အတွက် ငရုတ်သီးကိုခပ်ကြာကြာပြုတ်ပြီး ထောင်းထားပေးပါ။ အဲ့ထဲသို့ ရှာလကာရည်ခပ်များများထည့်ပါ။ ပြီးမှ အချဉ်ရည်အနီ (သို့) ငရုတ်ဆီထဲသို့ ရှာလကာရည်စိမ်ထားတဲ့ ငရုတ်သီးဖတ်များခပ်ယူပြီးရောသွားအောင်မွှေပါ။ ဒီအချဉ်ရည်ဖျော်နည်းကအရမ်းအဆင်ပြေပါတယ်နော်။
တခြားနှစ်သက်ရာအချဉ်ရည်အသုံးပြုနိုင်ပါတယ်။