ကြက်ဥဟပ်ဖရိုက်

   အသားညိုညို မျက်နှာ​လေး​​ထောင့်၊ အရပ်က ၆​ပေနီးပါး ​ဒေါင်​ ​ကောင်း​ကောင်းနှင့် ကွန်ဘက်ဖိနပ် ဆိုဒ် နံပတ်၈ဆို နည်းနည်းကျပ်​သော သံမဏိ စစ်သားကြီး ဆရာသည် မဖျားနာ​အောင် အမြဲဂရုစိုက်​နေသည်။

   သူများဖျားရင်လည်း မကြိုက်။ တပည့်များ ဖျားနာ​နေလျင်ပင် လ ​ရောင်ဆမ်းမှ ကျန်းမာရ စမ်းသပ်မှုမျိုးဖြင့် စမ်းသပ်ခဲ့​လေ​သောဆရာ၊ ပါ ဂျိုစခန်း တိုက်စဥ်က အဖျား ၁၀၄ဒီဂရီ ၁၀၅ဒီဂရီနှင့် တိုက်ခဲ့ရ​ကြောင်း အမြဲ​ပြော​လေ့ရှိသည်။

   ဗိုလ်ကြီး​မောင်ငယ်တစ်​ယောက် ဖျားလို့ဆိုပြီး ခြံစည်းရိုး ပြင်​နေကြ သည့် ရဲ​ဘော်​တွေကို လာမကြည့်လို့ ​မေးဖူးသည်။

   " လူ​လေး.. အဖျားက ဒီဂရီ ဘယ်​လောက်လဲ"

   " ၁၀၂ပါ"

   " ၁၀၂​လောက်နဲ့များ မသွားနိုင် မလာနိုင် ဖြစ်ရတယ်လို့.. ရှက်စရာ ​ကောင်းလိုက်တာ၊ ကျုပ် အဖျား ၁၀၄၊၁၀၅ကြီးနဲ့ ပါဂျိုစခန်းကို တက် တိုက်ခဲ့ တာဗျ"

   ကဲ.. ဘယ်​လောက်​တောင်လဲ ဆိုတာများ။ ဗိုလ်ကြီး​မောင်ငယ်တစ် ​ယောက် ခြံစည်းရိုးကို ​ပြေးသွားတာ အဖျား​တောင် ​ပျောက်သွားဆိုပဲ။

   သံမဏိ စစ်သားကြီးတစ်​​ယောက် လ​ရောင်မဆမ်းလိုက်ရဘဲ ပန်းဖျား ဖျားသည့် အချိန်ကို ​ရောက်လာပါ​တော့သည်။

   ​ဆေးအမ်​အေ(​​ဆေးအရာခံဗိုလ်) ဆရာ့ထံ ​ရောက်လာသည်။  အဖျား အပူချိန် သိရ​အောင် ဆရာ့ပါးစပ်ထဲ သာမိုမီတာ ထည့်​ပေးပြီး နာရီကို ကြည့်​နေသည်။

   တစ်မိနစ်ပြည့်ချိန် သာမိုမီတာ ဖြုတ်ရန် လက်အလှမ်း ဆရာက လက် ဖဝါး​ထောင်ပြလိုက်သည်။ ပြီး​​တော့ ဝိုက်ပြီး စက်ဝိုင်းပုံ လုပ်ပြသည်။ ​နောက် ထပ်တစ်မိနစ် ဆက်​စောင့်ပါ၊ အဖျားဒီဂရီ ​သေချာ​အောင် နှစ်မိနစ် တိုင်းပါ ဆိုသည့်သ​ဘော။

   သာမိုမီတာက တစ်မိနစ်ပဲ တိုင်းရတာ။ တစ်မိနစ်ထက် ပိုပြီးတိုင်းရင် အပူချိန်က ပိုတက်သွား​ရော။ ဖျား​နေသည့်လူဖြစ်လို့ အပူချိန်က ကြာကြာ တိုင်း​လေ တက်​လေဆိုတာ ဆရာမသိ။

   နှစ်မိနစ်ပြည့်​တော့ သာမိုမီတာကို ထုတ်ပြီး ​ဆေးအမ်​​အေကြီးက ကြည့် ကာ ရှိသည့် ဒီဂရီထက် နှစ်ဒီဂရီ ​လျော့ပြီး ဆရာ့ကို ​ပြောလိုက်သည်။

   " အဖျားက ၁၀၂ပါ"

   သာမိုမီတာကို မခါခင် ​ပေးဦးဆိုပြီး ဆရာလှမ်းယူကာ...

   " ဗိုလ်ကြီးထွန်းထွန်းဦး​ရေ..  သာမိုမီတာကို.. ကြည့်စမ်းပါကွာ"

   ဗိုလ်ကြီးထွန်းထွန်းဦးက သာမိုမီတာမှာ ​ပေါ်​နေသည့်အတိုင်း ဖတ်ပြ လိုက်သည်။

   " ၁၀၄ပါ"

   ​ဆေးအမ်​အေကြီး​ပြောသည့် အပူဒီဂရီထက် နှစ်ဒီဂရီ ကွာ​နေပြီ​ပေါ့။

   " အဲ့ဒါ​ပြောတာ... အမ်​အေကြီးက သာမိုမီတာ မဖတ်တပ်ဖူးကွ"

   ​ဆေးအမ်​အေကြီးက ဆရာ့ကို မ​ပြောရဲလို့ ဗိုလ်ကြီးထွန်းထွန်းဦးနှင့် နှစ်​ယောက်ချင်း​တွေ့မှ...

   " ဗိုလ်ကြီးရယ်.. သာမိုမီတာက တစ်မိနစ်ပဲ ထားရတာ..သူက နှစ်မိနစ် ထားခိုင်း​တော့ နှစ်ဒီဂရီ ​​လျှော့​ပြောမှ မှန်​တော့မှာ​ပေါ့.. ရှင်းပြရင်လည်း လက်ခံမှာ မဟုတ်ဘူး"

   ဆရာ့မှာကလည်း ​ဆေးအမ်​အေ​တွေနှင့် ပတ်သက်ပြီး ယုံကြည်မှု နည်း ခဲ့ သည့် အတိတ်​တွေကလည်း ရှိ​နေမင့်ကိုး။ နဖူးက အမာရွတ် စမ်းမိတိုင်း ပြန်သတိရ​နေသလို။ ပါဂျိုတိုက်တုန်းက ရခဲ့သည့် ဘိန်းဖြူ​တွေကို အမည် မသိ ဓါတု​ဗေဒ​ဆေးမှုန့်လို့ အမည်တပ်ခဲ့တာလည်း ​ဆေးအမ်​အေ ပဲ​လေ။

   ဆရာက​တော့ ​​တွေ့သည့်လူတိုင်းကို ...

   " အမ်​အေကြီးကို ​သေ​သေချာချာကြည့်​နော်.. သူက သာမိုမီတာ ဖတ်တပ်တာ မဟုတ်ဘူး" လို့သာ ​ပြော​နေ​တော့သည်။
   ဆရာ့အဖျားကမ​ပျောက်။ ​နောက်ဆုံး​တော့ မြစ်ကြီးနား စစ်​ဆေးရုံ ခု တင်၁၀၀မှာ ​ဆေးရုံတင် ကုသရသည့် အ​ခြေအ​နေကို ​ရောက်သွားသည်။

   ​ဝေဒနာကို အ​တော်ခံလိုက်ရပြီး လူလည်း ပိန်ကျသွားသည်။ ​ပြောရရင် အ​တော်အရုပ်ဆိုးပါသည်။ ​တောင့်​တောင့်တင်းတင်းနှင့် အမြဲ​တွေ့​နေရသူက အာတာလွတ်မြို့စားကြီး ​လေ​​လျှော့ထားသည့်ပုံ ဖြစ်​နေလို့ သနားမိသည်။

   အ​တော်ကြာ ကုသလိုက်မှ နလံထ လူနာအဆင့်ကို ​ရောက်လာသည်။ ဇနီး သားသမီးကလည်း မရှိ​လေ​တော့ IO AQ နှစ်​​ယောက်ဖြစ်သည့် ဗိုလ် ကြီးထွန်းထွန်းဦးနှင့် ဗိုလ်ကြီးသက်ဦးတို့ပဲ အနီးကပ် ​စောင့်​ရှောက် ပြုစု ​နေကြရသည်။

   ခံတွင်းပျက်​နေ​သော လူနာအား နလံထစ ခံတွင်းမြိန်​စေရန် ထမင်း ပူပူ​လေးကို ဆီဆမ်း ဆားဖြူးပြီး ကြက်ဥဟပ်ဖရိုက်​လေးနှင့် စားကြည့်ပါ ရန် ဗိုလ်ကြီးထွန်းထွန်းဦးက ဆရာ့ကို ​ပြောကြည့်သည်။

   " ​အေး.. စားကြည့်တာ​ပေါ့ကွာ"

   ဆရာ့ဆီက အ​ဖြေရသည်နှင့် ဗိုလ်ကြီးသက်ဦးကို လှမ်းပြီး မျက်စပစ် ကာ အချက်ပြလိုက်သည်။

   ဗိုလ်ကြီးသက်ဦးလည်း ကြက်ဥသုံးလုံး အမြန်ဝယ်ပြီး ​ဆေးရုံ​ဘေး နား က ​​စျေးဆိုင်​လေးမှာ ဆရာ့ယာဥ်​မောင်း ချစ်​ထွေးကို ကြက်ဥဟပ်ဖရိုက်​ကြော်ရန် တာဝန်​ပေး စီမံလိုက်သည်။

   ဗိုလ်ကြီးထွန်းထွန်းဦးက ဆရာ့နား ပြန်​ရောက်လာပြီး ထမင်းကို ပန်း ကန်ပြားတွင်ထည့် ဆီဆမ်း ဆားဖြူး ဇွန်းနှင့်ခက်ရင်း ပြင်ဆင်ပြီး ကြက်ဥ ဟပ်ဖရိုက် အလာကို ​စောင့်​နေသည်။ 

   ဆရာက ​လေသံတိုးတိုး​လေးနှင့်...

   " ကြက်ဥဟပ်ဖရိုက်ကို ဘယ်သူစီမံ​နေတာလဲ လူ​လေး"

   " ချစ်​ထွေး ​ကြော်​နေတာပါခင်ဗျ"

   ခုတင်​ပေါ် မှိန်း​နေ​သောလူနာ ဆတ်ခနဲ ထထိုင်လိုက်ပြီး...

   " ဟာ.. အားလုံးသွားပြီ.. အားလုံးပျက်စီးကုန်​တော့မှာ.. လူ​လေး ​မောင်ချစ်​ထွေးကို အမြန်သွားခေါ်လိုက်ပါ"

   ဆရာ၏ အလန့်တကြား အမူအရာ​ကြောင့် စိုးရိမ်ပြီး ချစ်​ထွေးကို အ မြန်​ပြေး​ခေါ်လို့ ချစ်​ထွေးလည်းအ​ရောက် ဗိုလ်ကြီးသက်ဦးလည်း ကြက်ဥ ဟပ်ဖရိုက်​ကြော်​တွေ ထည့်ထားသည့် ပန်းကန်ကြီး ကိုင်ပြီး ​နောက်က ကပ်ပါလာသည်။

   ဗိုလ်ကြီးထွန်းထွန်းဦး ကြက်ဥပန်းကန်ကို လှမ်းကြည့်လိုက်​တော့မှ ​ရှေ့​ရေးကို ကြိုမြင်တတ်​သော ဆရာ့ကို မ​​လေးစားဘဲ မ​နေနိုင် ဖြစ်သွား ရသည်။ တပည့်အ​ကြောင်းသိလို့ အချိန်မီ တား​သော်လည်း လက်လွန် သွား​ချေပြီ။

   ပန်းကန်ပြားထဲတွင် ကြက်ဥဟပ်ဖရိုက် နှစ်လုံးက​ ပြဲရွဲလို့ ပုံပျက်ပန်း ပျက်နှင့်။ ​နောက်ဆုံးမှ ​ကြော်ပုံရသည့် တစ်လုံးက​တော့ အနှစ်နည်းနည်း ​ပေါက်သွား​ပေမဲ့ ပုံသိပ်မပျက်တာမို့ အဲ့ဒီ့ ကြက်ဥဟပ်ဖရိုက်လေးကိုသာ ထမင်းပန်းကန်ထဲ ထည့်ပြီး ဆရာ့ကို ​ကျွေး​မွေးလိုက်သည်။

   ဆရာလည်း နလံထ ပီသစွာ တစ်ဇွန်း နှစ်ဇွန်းသာ စားပြီး ထမင်းပန်း ကန်ကို စားပွဲ​ပေါ် ချလိုက်သည်။

   " ကဲ..​မောင်ချစ်​ထွေး​ရေ.. ခုနက မင်း​ကြော်တဲ့ ကြက်ဥဟပ်ဖရိုက် နှစ်လုံးကို ထမင်းပန်းကန်ထဲ ထည့်လိုက်စမ်း​ဟေ့"

   ချစ်​ထွေးလည်း အူ​ကြောင်​ကြောင် မျက်နှာ​ပေးနှင့် ကြက်ဥ​ကြော် အားလုံးကို ထမင်းပန်းကန်ထဲ ထည့်လိုက်သည်။

   ဆရာ့ဆီက နလံထ လူနာအသံ ​ညှောင်နာနာ ထွက်လာသည်။

   " ​မောင်ချစ်​ထွေး.. ခါး​တောင်ကျိုက်လိုက်စမ်းကွာ"

   ​ဆေးရုံ၏ လူနာ​ဆောင် အခန်းထဲတွင် ချစ်​ထွေးလည်း န​ဝေတိမ်တောင် က​နေ မျက်နှာ စပ်ဖြဲဖြဲဖြစ်ကာ ပုဆိုးကို ပြင်ဝတ်ပြီး ခါး​တောင်းကို ​မြှောင်​နေ​အောင် ကျိုက်လိုက်သည်။

   " ကဲ.. ​မောင်ချစ်​ထွေး.. ဒီထမင်းဆီဆမ်း​လေးနဲ့ မပီမပြင် မင်းလက်စွမ်း ပြထားတဲ့ ကြက်ဥဟပ်ဖရိုက် သုံးလုံးကို ချစ်​ထွေးကွ.. ချစ်​ထွေးကွ.. ချစ်​ထွေးကွ သုံးကြီမ်​အော်ပြီး အားရပါးရ စားပြလိုက်စမ်းကွဲ့"

   စကားအရှည်ကြီး ​ပြောလိုက်ရလို့ ဆရာ​မောသွားသည်။ ဗိုလ်ကြီး ထွန်းထွန်းဦးနှင့် ဗိုလ်ကြီးသက်ဦးတို့လည်း ဆရာမမြင်​အောင် ကြိတ်ရယ် ကြသည်။ သူတို့ကို မစားခိုင်းတာ ကံ​ကောင်း။

   ဖင်​ပြောင်​နေ​အောင် ခါး​တောင်းကျိုက်ထား​သော ချစ်​ထွေးတစ်​ယောက် စပ်ဖြဲဖြဲ မျက်နှာ​ပေးနှင့် ပါးစပ်က..

   " ချစ်​ထွေးကွ.. ချစ်​ထွေးကွ.. ချစ်​ထွေးကွ" 

   ဟု သုံးကြီမ်​အော်ပြီး ထမင်းနှင့် ကြက်ဥဟပ်ဖရိုက်များကို ဆရာ့​ရှေ့ မှာ အားရပါးရ စားပြ​နေရှာ​တော့သည်။

   ဒါ​​တောင် အဲ့ဒီ့အချိန်က ဆရာ နလံထစ အချိန်​နော်။

   တပ်ရင်းမှာ​တော့ တပ်ရင်းမှူးကြီး ကား​မောင်းတဲ့သူက ဘယ်သူလဲ ဆိုတာနှင့် " ဟပ်ဖရိုက်ချစ်​ထွေး​လေကွာ" ဆိုပြီး နာမည်သစ်တစ်ခု ဆရာ့ ​ကြောင့် ရသွားပြန်​လေပြီ။