ကျောင်းဆင်းစစ်ရေးပြ

” ရွှေတိုး… အဆင်ပြေရဲ့လား” ခေါင်းညိတ်ပြနေသည်ကို တွေ့နေရပေမဲ့ စိတ်ထဲမှာ တော့ စိုးရိမ်နေကြသည်။ စိုးရိမ်မည်ဆိုလည်း စိုးရိမ် လောက်ပေသည်။ သူ့ရဲ့ မျက်လုံးတွေက မှေးစင်းနေတာ ကိုး။ ဒီကောင်နဲ့တော့ ခက်ချေပြီ။ အဆင်မှပြေပါ့မလား။ အားလုံးက ဝိုင်းတားနေလျက်နှင့် သူမို့လုပ်ရက် သည်။ ဒီကိစ္စကြီးက မှားလို့မှ မရတာ။ တစ်ယောက် ယောက်က ဖောက်လိုက်ရင်ဖြင့် မညီမညာဖြစ်ပြီး ဘယ်လိုမှ အဆင်မပြေ တော့။ ဒါကို သူလည်းသိရက်နဲ့။ ခုတော့ လာမည့်ဘေး ပြေးတွေ့ကြဖို့သာ ဆုံးဖြတ်လိုက် ကြ တော့သည်။ ကျောင်းဆင်းတပ်ခွဲကတော့ စစ်ရေးပြကွင်းထဲသို့ ချီတက်ရန် တာစူနေလေပြီ။

မှော်ဘီဗိုလ်သင်တန်းကျောင်းတွင် ၆လတာကာလ အတွင်း အရာရှိတစ်ယောက် သိသင့်သိထိုက်သည်များ သင်ကြားလေ့ကျင့်ခဲ့ကြပြီး သင်တန်းဆင်းရပေတော့ မည်။ ကျောင်းဆင်း စစ်ရေးပြကို ကျောင်းဆင်း တေဇတပ်ခွဲအပြင် ဂုဏ်ပြုဗိုလ်လောင်းတပ်ခွဲများ ဖြစ် သည့် သူရတပ်ခွဲနှင့် စည်သူတပ်ခွဲများဖြင့် ခမ်းခမ်းနား နား ကျင်းပကြပေမည်။ တပ်မတော် အကြီးအကဲများ တက်ရောက်ကာ မိန့်ခွန်းပြောကြားမှာဖြစ်လို့ အမှားအယွင်း အတိမ်း အစောင်း မခံနိုင်။ ကျောင်းဆင်းဗိုလ်လောင်းများ၏ အရည်အချင်းကို ဤ စစ်ရေးပြဖြင့်ပင် မှတ်ကျောက်တင် ပြသရမှာလည်းဖြစ်သည်။ ကျောင်းဆင်းစစ်ရေးပြကြီး အမှားအယွင်းနည်းပြီး ညီညာနေအောင် နှစ်လခန့် အချိန် ပေးပြီး လေ့ကျင့်ခဲ့ရ သည်။ နေပူမိုးရွာမရှောင် နည်းပြများ၏ ကြီးကြပ်မှုဖြင့် ရှိရင်းစွဲ အသားတွေ နေလောင်ပြီး ညိုမောင်းလာသည် အထိ လေ့ကျင့်ရပြန်သည်။ သေနတ်ထမ်းရလွန်းလို့ ပခုံးများပင် အသားမာတက်နေပြီ။ ကျောင်းဆင်းရက်မရောက်မီ ၂ရက်အလိုတွင် စစ်ရေးပြအဆင့်အတန်းကို ကျောင်းအုပ်ကြီးအား ပြသကြသည်။ ကျောင်းအုပ်ကြီးက လက်ခံသွားသည်။ ကျောင်းဆင်းပွဲရက်မှာ လက်ရှိပုံစံအတိုင်း ညီညာစွာဖြင့် အားထည့်ဆောင်ရွက်ဖို့သာ မှာကြားလေသည်။ မနက်ဖြန်လို ကျောင်းဆင်းပွဲ ပြုလုပ်တော့မည်ဆို ဒီနေ့လိုနေ့မှာ အနားပေးထားသည်။ ပြင်ဆင်စရာရှိတာ တွေ ပြင်ဆင်ဖို့နှင့် အားမွေးနိုင်အောင်လို့ အနားပေးထား ခြင်းလည်းဖြစ်သည်။ အနားရသည့်ရက် တစ်မနက်လုံး ပြဿနာမရှိပေမဲ့ ညနေစောင်းမှာ ရွှေတိုး ဂြိုလ် ဖောက်လာပြီ။ သူ့ကောင် မလေး ရောက်နေသည့်အကြောင်း၊ သွားတွေ့လိုသည့် အကြောင်း တွေ နားငြီးအောင် ပြောနေသည်။နောက်နေ့ ကျောင်းဆင်းပွဲပြီးရင် တွေ့ရမည်ဖြစ်ပြီး ခု တော့ သည်းခံအောင့်အည်းနေရန် အားလုံးက ဝိုင်းပြောသော် လည်းမရ။ ဘယ်သူမှမသိခင် ရွှေတိုးခိုးထွက်သွားလေ ပြီ။ ကျောင်းဆင်းတော့မှာဖြစ်လို့ ” ဗိုလ်လောင်းတွေ ပျော်ပြီး အနား ယူနေမှာပဲ” ဟု ထင်ထားသည့် ဆရာများ ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ရွှေတိုး လှုပ်ရှားသွားခြင်းဖြစ်၏။ သူကတော့ ချစ်သူလေးကိုတွေ့ပြီး ပျော်နေမလား မဆိုနိုင်ပေမဲ့ သူငယ်ချင်းအားလုံးက ရွှေတိုးစောစော ပြန်လာစေရန် ကြိတ်ပြီးဆုတောင်းနေကြသည်။ စစ်ရေးပြဆိုတာက တစ် ယောက်မကောင်းအများပဲလေ။ တစ်ယောက်ဖောက်လိုက်တာနှင့် လေ့ကျင့်လာခဲ့သမျှ သွားရောပဲ။ ဆုတောင်းက မပြည့်သလိုနှင့် ပြည့်ခဲ့ရ သည်။ စောစောပြန်လာစေချင်သော ရွှေတိုး မနက်၅နာရီ စောစောမှာမှ ပြန်ရောက်လာသည်။ မျောက်သေကို ပါးရိုက်ထားသည့် မျက်နှာပေးနှင့် ကုတ်ချောင်းချောင်း ပြန်လာသော ရွှေတိုးကို ဝိုင်းထိုးဖို့ နေနေသာသာ သူဝတ် ဖို့ ယူနီဖောင်းများပင် ပြင်ဆင်ပေးလိုက်ရသည်။ ပြန်လာ တာကိုပဲကျေးဇူးတင်နေရပါပြီ…ကျေးဇူးရှင်ကြီးရယ်…။

၁၉၈၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်။ အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇)၏ မှော်ဘီဗိုလ်သင်တန်းကျောင်း ကျောင်းဆင်းစစ်ရေးပြ အခန်းအနား။ စစ်တီးဝိုင်း၏ ဘင်ခရာ စည်းချက်နှင့်အတူ ဘယ်ညာမှန်အောင်နင်းရင်း ရင်ဖွင့်ကာ အားမာန်အပြည့် နှင့် တေဇတပ်ခွဲ စစ်ရေးပြကွင်းအတွင်းသို့ ဝင်ရောက် လာနေပါပြီ။ လှုပ်ရှားမှုတိုင်း ရိတ်ခနဲ ရိတ်ခနဲ အားထည့်လုပ်ဆောင်မှုတွေက စစ်ရေးပြကြီး ခမ်းနား လှပမှုကို အနားကွပ်ပေးနေသည်။ ကျောင်းအုပ်ကြီး အပါအဝင် နည်းပြများနှင့် ဧည့်သည်တော်များ၏ ကြည်နူးအပြုံးတွေကလည်း ရင်ထဲအထိ အားတက်စေ ပြီး လေ့ကျင့်ရကျိုးနပ်ပြီ ဟု ယူဆနေကြသည်။ ၆ယောက်တန်း စစ်ရေးပြပုံစံဖြင့် ချီတက်နေကြ သော ကျောင်းဆင်းဗိုလ်လောင်းများမှာတော့ ရွှေတိုး ကြောင့် ထင်သလောက် မပျော်နိုင်။ အိပ်ရေးမဝလို့ မှေးစင်းနေသော မျက်လုံးများနှင့် လေးလံနေပြီး ဘယ်အချိန် အမှားတွေ့မလဲ ဆိုတာကိုသာ စိုးရိမ်နေ ကြသည်။ ကိုယ်တော်ချောကတော့ သူမဟုတ်သလို။ ဘင်သံ လေးကိုပင် သူ့ချစ်သူတေးသံအလား ထင်ယောင်မှားပြီး အိပဲ့အိပဲ့နှင့် သေနတ်ကလေးထမ်းကာ လျောက်နေရှာ သည်။ အိမ်မက် ယောင်ပြီး လမ်းထလျောက်နေသည့် ပုံလိုလို။
ဖေဖော်ဝါရီလ နံနက်ခင်း နှင်းမှုန်လေးတွေများ အကြား အလံတော်အဖွဲ့၏ ဦးဆောင်မှုနောက်မှ လိုက်ပါလာသော ကျောင်းဆင်းတပ်ခွဲကြီးဟာ ဂုဏ်ပြု တပ်ခွဲတွေ ခြွေရံပြီး စစ် ရေးပြကွင်းအတွင်း ရောက်ရှိ လာပါပြီ။ စစ်ရေးပြအစီအစဉ်အတိုင်း စစ်ရေးပြမှူး ဗိုလ် လောင်းမောင်မောင်စိုး၏ အောင်မြင်လှသော အမိန့်သံစဉ်များအရ လှုပ်ရှားဆောင်ရွက်နေ ကြသည်။

နိုင်ငံတော်အလံ အလေးပြု၊ ကျဆုံးလေပြီးသော တပ်မတော်သားများ အလေးပြု၊ သစ္စာဆိုပြီးနောက် သက်သာအနေအထားဖြင့် ဒုတိယတပ်မတော် ကာကွယ် ရေး ဦးစီးချုပ် အလာကို စောင့်ဆိုင်းနေပါသည်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရောက်လာ သည်နှင့် စစ်ရေးပြမှူးက သတိအမိန့်ကိုပေးပြီးနောက် သေနတ်ထမ်းခိုင်းကာ… ” ဗိုလ်သင်တန်းကျောင်း… တပ်မတော်ကြည်း… ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အလေး….ပြု” စစ်ရေးပြကား ညီညာလှပါပေသည်။ အမှတ်စဉ် တစ်ခုချင်းအလိုက် အပြစ်အနာအဆာ မရှိလောက် အောင် ကောင်းမွန်ပါသည်။ ဒါပေမဲ့… အကြောင်းသိ ကျောင်းဆင်းဗိုလ် လောင်းများကတော့ ရွှေတိုးအတွက် စိတ်မဖြောင့်နိုင်။ တတိယအတန်း၏ အလယ်တွင် ရွှေတိုးရှိနေလို့သာ သူ၏လှုပ်ရှားမှု အနည်းငယ်မှား ယွင်း နေလည်း ဘေးလူများကြောင့်ဖုံး ကွယ်သလိုဖြစ်နေ လို့ တော်သေးသည်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ တပ်များကို လိုက်လံစစ်ဆေးသည် အထိလည်း အဆင်ပြေနေသေးသည်။ ဒုချုပ် အတန်းရှေ့ကဖြတ်ချိန် ရွှေတိုးက မေးဆွဲပြီး အားပင်ထည့်ထားလိုက်သေးသည်။ ရှေ့ဆုံးတန်းကမဟုတ်လို့ သူ့ကိုလည်းဒုချုပ်မြင်မသွား ပါ။ သဘောကတော့သူအားထည့်ဆောင်ရွက်နေသည် ပေါ့လေ။ ” မိန့်ခွန်းနာခံရန်… အလယ်တန်းညှိ… အမြန် လျောက်” သက်သာအနေအထားမှ သတိဆွဲ၊ သေနတ်ထမ်း၊ ရှေ့ကို ၁၄လှမ်းတက်၊ သေနတ် အောက်ချ၊ သက်သာခွဲ သည်အထိ အမှတ်စဉ်အလိုက်ဘင်ခရာစည်းချက်နှင့် အတူ လိုက်ပါ ဆောင်ရွက်မှုကလည်း ကသောအရုပ် ကလေးများ ကြိုးမရှုပ်တော့သလို ဖြတ်ခနဲ၊ တိခနဲ၊ ရိပ်ခနဲဖြင့် ကြည့်၍ကောင်းလှပေသည်။ စစ်ရေးပြ ရေစီးကြောင်းအတွင်း လိုက်ပါစီးမျော နေသော ရွှေတိုးကို အားလုံးက ကျေးဇူးတင်နေကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်း စပြောလေပြီ။ ရွှေတိုးလည်း ဖောက်လာလေပြီ။ လှုပ်ရှားနေရသည့် စစ်ရေးပြများ ပြီးဆုံး၍ လက်နက် ဖြင့် သက်သာအနေအထားနှင့် မိန့်ခွန်းနာခံနေမှုက သာမန်လူများပင် သွေးကိုလေးစေသည်။ အိပ်ရေးမဝ ခဲ့သော ရွှေတိုးအဖို့ သွေးက လေးရုံတင်မက ကျောက်ချ နေသလိုတောင် ထင်ရပြီး စတင်ကာ ငိုက်မြည်းလေ တော့သည်။ မိန့်ခွန်းက တပ်မတော်သမိုင်းကို စတင်နေလေပြီ။ ဘီအိုင်အေ ဘီဒီအေ ဖွဲ့စည်းမှုများနှင့် ဂျပန်ကို တော်လှန်နေမှုများ အခန်းကဏ္ဍရောက်နေချိန် ရွှေတိုး ဆီမှ ဟောက်သံသဲ့သဲ့ပင် ထွက်လာသည်။ မတ်တပ်ရပ်နေရာမှ လဲကျသွားခြင်းသည် စစ်ရေးပြ ကို အရုပ်ဆိုး အကျည်းတန်စေသည်။ လက်ခံနိုင်သည့် အကြောင်းပြချက်ကို မပေးနိုင်ပါက လဲကျသွားသူ ဗိုလ်လောင်းအတွက် ပြစ်ဒဏ်ဆိုတာက ပါလာလိမ့်ဦး မည်။ ” ကျောင်းသာဆင်းသွားတယ်… ဒီဗိုလ်လောင်း တွေက ပျော့လိုက်တာ… ညံ့လိုက်တာ၊ မိန့်ခွန်းလေး နာရီဝက် တစ်နာရီလောက် ပြောတာ တောင် လဲကျရ တယ်လို့” ဟု ကျောင်းဆင်းပွဲလာ ဧည့်ပရိသတ်များက လည်း ထောပနာပြု ကြပေတော့မည်။ ဒီလောက် လေ့ကျင့်ခဲ့ပြီးမှ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး အပုတ်မခံနိုင်ပါ။ အရိပ်တကြည့်ကြည့် နေထားသော ရွှေတိုးထံမှ ဟောက်သံထွက်လာသည်နှင့် ရွှေတိုး၏ ဘယ်ညာတွင် ရှိသော ဂျန်မားနှင့် တင်ဘိုတို့က ရွှေတိုးဖက်သို့ အသာအယာ ရွှေ့လိုက် ကြသည်။ ဘယ်ဖက်ရှိ ဂျန်မား က သူ၏သေနတ်ဆုတ်ကိုင်ထားသောလက်ဖြင့် ရွှေတိုး ၏ ဘယ်ဖက်ဘောင်းဘီအစကိုပါ ရောပြီးဆုတ်ကိုင်ထား သည်။ ညာဖက်ရှိ တင်ဘိုကလည်း သူ့ ဘယ်လက်ဖြင့် ရွှေတိုး၏ သေနတ်ကိုင်ထားသောလက်ကို ဆုတ်ကိုင် ထားသည်။ ရွှေတိုးနောက်တည့်တည့်တွင် ကျော်ဝင်းဦးရှိသည်။ ကျော်ဝင်းဦး၏ ဘယ်ဖက် ဂျန်မား ၏ အနောက်တွင် ချစ်ငွေနှင့် ညာဖက် တင်ဘို၏ အနောက်တွင် မင်းလွင်ဦး တို့ ရှိကြသည်။ ခြေလှမ်းသုံးလှမ်းချဲ အနေအထားမို့ ရွှေတိုးနှင့် အနည်းငယ်ကွာနေသည်။ ကျော်ဝင်းဦး ချစ် ငွေနှင့် မင်းလွင်ဦးတို့ သုံးဦးက ရှေ့ကိုမသိမသာတိုးပြီး ရွှေတိုး၏ နောက်ကျောကို ဝိုင်း ထောက်ထားကြပြန် သည်။ မိန့်ခွန်းက လွတ်လပ်ရေးရပြီးခါစ ရောင်စုံသူပုန်များ ကို တော်လှန်ပြီးနောက် တော်လှန် ရေးကောင်စီတက်နေ လေပြီ။ ရွှေတိုးမှာလည်း မတ်တပ်ကြီး နောက်ကိုအနည်း ငယ်လန်ကာ အိပ်မောကျနေလေပြီ။ လေနုအေးတွေ တဖြူးဖြူးတိုက်နေသည့် ငပလီလို ကမ်းခြေတစ်ခုက ပက်လက်ကုလားထိုင်လေးမှာ ချစ်သူကို ရင်ခွင်ထဲထည့် ထားပြီး အိပ် ပျော်နေသကဲ့သို ထင်ရလောက်အောင် ရွှေတိုးမျက်နှာမှာ ပြုံးလို့ရွှင်လို့။ ပတ်လည်က ငါး ယောက်ကတော့ ရှုံ့လို့တွလို့။ စိုးရိမ်စိတ်တွေနှင့် ကျားကန်ပေးထားသော ငါးယောက်က ရွှေတိုးဆီမှ ဟောက်သံထွက်လာရင် လှုပ်နှိုးကာ သတိပေးနေကြသည်။


” ဟေ့ကောင်… သတိထား၊ မင်းလဲကျသွားလို့ မဖြစ် ဘူးး၊ သိက္ခာကျတယ်… စစ်ရေးပြပြီးမှ မင်းနဲ့ငါတို့ တွေ့မယ်၊ အဲ့ဒီ့ကျ… မင်းမျက်နှာမှာ အာလူးသီးထွက် အောင်ကို ဆွဲထိုးပြီသာမှတ်” ဘယ်လောက်ကြိမ်းကြိမ်း ရွှေတိုးက အမှိန်းမပျက် အိပ်ပျော်လျက်။

စစ်ရေးပြ squad အထဲ ရွှေတိုးတို့ ရပ်ကွက်မှာ တီးတိုးတီးတိုးနှင့် မီးလောင်နေသလို ဘယ်ဖက်ရပ်ကွက်မှာလည်း ပြဿနာတွေ ရှိနေပုံရသည်။ ” ငါ…မအောင့်နိုင်တော့ဘူးကွာ” ” ဟေ့ကောင်… မလုပ်လိုက်နဲ့၊ မင်းကိုငါပြောတယ်… တန်းမစီခင် ဝအောင်ပေါက်ခဲ့ပါ ဆိုတာကို” ” ငါလည်းပေါက်ခဲ့တာပဲ၊ ခုက ရာသီဥတုကအေးလို့ ပြန်ပေါက်ချင်လာတာ” ဗိုလ်လောင်းနှစ်ယောက် အသံတိုးတိုး လေသံလေးနှင့် ပြောနေခြင်းဖြစ်သည်။ ဗိုလ် လောင်းတစ်ယောက်က ဆီးသွားချင်နေပုံရသည်။ တစ်ယောက်က အောင့်ထားရန် ပြောနေ သည်။ ကျန်ဗိုလ်လောင်းများလည်း ခပ်တိုးတိုး ကြားနေရသည်။ ဒုချုပ်ကြီးမိန့်ခွန်းက ၁၉၇၄ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြီးလို့ စစ်မြေပြင်မှာ လိုက် နာရမည့် စည်းကမ်းတွေကို မှာနေပြီ။ ဒါဆိုရင် ပြီးခါနီးတော့မည်။ ” ဟာ… မရတော့ဘူး၊ လွှတ်ချလိုက်ပြီ” သေးတွေထွက်ကျကုန်ပြီ။ သာကူကော်နှင့် စပယ်ရှယ်တင်ထားသည့် အိုဂျီကော်တောင့် ဘောင်းဘီကြီးကြောင့် သေးတွေက အပြင်ကိုထွက်မလာသေးချေ။ အတွင်းပေါင်ကြားမှ စီးဆင်းလာပြီး ခြေမန်း ကွင်းစွပ်ထားသော ဘောင်းဘီအနားသတ်နေရာတွင် သေးတို့က ခဏနားကြသည်။ အရှိန် ရလာတော့ ခြေမန်းကွင်းကို ထိုးဖောက်ဖြတ်သန်းကာ အနက်ရောင် တိုက်ခိုက်ရေးဖိနပ်အ တွင်းမှတစ်ဆင့် မြေကြီးပေါ် ထွက်ကျလာလေပြီ။ တန်းစီရာတွင် ညီညာအောင် မှတ်သားထားသော ထုံးဖြူးထားသည့် မျဉ်းကြောင်း မြောင်းလေးအတိုင်း သေးတို့က မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းလာကြချေပြီ။ ထုံးမှုန့်များကြား တိုးဝှေ့စီးဆင်းလာသော သေးစီးကြောင်းကြီးကလည်း မြွေတစ်ကောင်အလား လူးလွန့် လျက်။ အတော်အောင့်ထားပုံရသည်။ အနိမ့်ပိုင်းရှိ ဗိုလ်လောင်းများမှာ နားကမိန့်ခွန်း နားထောင်ရင်း မျက်လုံးများက သေးစီး ကြောင်းကို ကြည့်နေကြသည်။ စစ်ရေးပြအခန်းအနားပြီးလျင် အဆောင်အယောင်ပေးပွဲ အခန်းအနားက ဆက်ပြီးတက်ရမှာမို့ သူတို့ဖိနပ်တွေမှာ သေးစိုသွားလို့မဖြစ်။ ဒါကြောင့် သေးစီးကြောင်း ဖြတ်သန်းရာ တစ်လျောက်ရှိ ဗိုလ်လောင်းများ ဖိနပ်လေးများကို ခြေဖျား ထောင်ပေးပြီး သေးကိုရှောင်ကြသည်။ ထိုကဲ့သို့ ” သေးစီးကြောင်းရှောင် ခြေဖျားထောင်” စစ်ရေးပြကို မလေ့ကျင့်ခဲ့ရပေမဲ့ အတော်ညီလေသည်။ နည်းပြများပင် မရိပ်မိလိုက်။ မိန့်ခွန်းပြီးဆုံးလေပြီ။ စစ်ရေးပြမှူးထံမှ… ” ဗိုလ်သင်တန်းကျောင်း….သတိ” ရွှေတိုး ဖျတ်ခနဲ သတိဆွဲလိုက်သည်။ အိပ်ရေးဝသွားပုံဖြင့် တစ်ချက်သမ်းလိုက်သည်။ ခေါင်းကို ဘယ်ညာချိုးပြီး လက်ဝှေ့ပွဲဝင်မည့်ပုံစံနှင့် အမိန့်စဉ်ကို စောင့်နေသည်။ သူ့ဘေး ကဗိုလ်လောင်းများလည်း ကိုယ့်နေရာပြန်ရောက်အောင် မသိမသာ ခိုးရွှေ့ကြရသည်။ မျက် နှာတွေကတော့ တင်းလို့။ ရွှေတိုးကို ထိုးချင်နေကြသည်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အနှေးလျောက် အမြန်လျောက်ဖြင့် ချီ တက် အလေးပြုကြချိန်မှာတော့ ကော့လန်ကော့လန်နှင့် ဖျတ်လတ်နေသော ရွှေတိုးကိုမှီ အောင် မနည်းလိုက်နေရသည်။ ဒုချုပ်ကြီးကို အလေးပြုသွားတာများ မေးကလေးကို ဆတ် ခနဲထိုးလို့။ ကြည့်တောင်ကောင်းသေးတော့။ ဗိုလ်လောင်းသက်ထွေး ခေါ် သေးကိုကိုမှာတော့ ပြဿနာနည်းနည်း ရှိနေသည်။ သေး တွေခိုနားသွားသော ဖိနပ်အနက်ကြီးအတွင်းက ဗွပ်ကျွိဆိုသော အသံ လမ်းလျောက်တိုင်း ထွက်နေသည်။ ဘင်ခရာသံကြောင့်သာ အပြင်လူတွေ မကြားရတာ အတွင်းမှာတော့ ဗွပ်ကျွိ ဗွပ်ကျွိ ဆိုသည့်အသံက စစ်တီးဝိုင်းကို ကူညီတီးခတ်ပေးနေသလိုပင်။ သာကူကော်တောင့် ဘောင်းဘီကလည်း သေးစိုသည့်နေရာများ ပျော့သွားသည်။ အား လုံးမာနေသည်က ကိစ္စမရှိပေမဲ့ ပျော့လိုက်မာလိုက်ဆိုတော့ ချီတက်လမ်းလျောက်ချိန် ပေါင်ကိုပွန်းလေတော့သည်။ အနှေးလျောက် ချီတက်စဉ် ရွှေတိုး၏ ဆတ်ခနဲ ခြေထုတ်ပုံ လေးက မင်းသားဦးအောင်မောင်းကြီး ခြေထိုးကနေသလို လှနေပေမဲ့ သက်ထွေးကတော့ ပေါင်ပွန်းနေလို့ ဟန်လောက်သာ ထုတ်နိုင်လေတော့သည်။

စစ်ရေးပြကြီးကား အောင်မြင်စွာ ပြီးဆုံးသွားလေပြီ။ စစ်ရေးပြ၏ ညီညာဖျတ်လတ် မှုကိုလည်း ချီးကျူးကြသည်။ အမှတ်တရ ဓာတ်ပုံများလည်း တဖျတ်ဖျတ်ရိုက်ကြသည်။ ရွှေတိုးကိုလည်း လက်သီးဖြင့် မထိုးဖြစ်ခဲ့ကြပါ။ အိပ်ရေးဝသွားသော မျက်နှာကို ပြုံးထား ပြီး ချစ်သူလေးနှင့် ဓာတ်ပုံရိုက်နေတာများ စောစောက သူမဟုတ်သလိုလို။ သက်ထွေး လည်း ဘယ်အချိန် ယူနီဖောင်းသွားလဲလိုက်သည်မသိ။ နှစ်တွေကကြာခဲ့လေပြီ။ ဆယ်စုနှစ် လေးစုတောင် ကျော်ခဲ့လေပြီ။ သို့ရာတွင် စစ်ပြန်ကြီးများဖြစ်သော အငြိမ်း စား သူငယ်ချင်းများ ပြန်စုမိကြပြီ ဆိုရင်ဖြင့် မေ့မရအောင် ပြောဖြစ်ကြသော ငယ်ဘဝထဲ တွင် သူတို့အကြောင်းက အမြဲလိုလိုပါသည်။ သင်္ခါရ၏ ရိုက်ခတ်မှုကြောင့် ဇာတ်ကောင် အတော်များများလည်း မရှိကြတော့။

လွမ်းမိပါသည်… ကျောင်းဆင်းစစ်ရေးပြကြီးလိုသာ။

ခွန်သက်တင်ဆန်း