ကျောက်ကြမ်းပိုး (ခေါ်) အင်းဆက်ကောင်များ ယခင်နှစ်ထက် ဈေးကောင်းရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောက်ကြမ်းပိုး (ခေါ်) အင်းဆက်ကောင်များအား ယခင်နှစ်ထက် ဈေးကောင်းပေးဝယ်သဖြင့် ကျောက်ကြမ်းပိုးရှာဖွေသူများ မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။

“ဒီနှစ်မှာတော့ မနှစ်တုန်းကထက် ဈေးကရရှိလာတော့ မြစ်၊ ချောင်းတွေမှာလည်း ကျောက်ကြမ်းပိုးရှာတဲ့လူတွေ များလာတယ်။ ကျောက်ကြမ်းပိုးလည်း ဈေးကောင်းရလာတာနဲ့အမျှ ရဖိုက မလွယ်တော့ဘူး။ ဒီနှစ်တော့ များများရတာကနည်းတယ်။ အခုရာသီမှာကတော့ ကျောက်ကြမ်းပိုး ဖမ်းတဲ့ရာသီမိုလို လူတွေက ဒါကိုပဲ အာရုံစိုက်ကြရှာကြတယ်လေ။ ဒီကျောက်ကြမ်းပိုးကို ငရုတ်သီး ထောင်းစားရင် အရမ်းစားကောင်းတာ။ တချိုကျတော့ အကောင်လိုက် လှော်ပြီးစားကြတယ်။ ဈေးရလာတော့ စားဖိုတောင်မရှိတော့ဘူး”လို ကိုယ်တိုင် ကျောက်ကြမ်းပိုးရှာဖွေသူ ဒေသခံ ကိုဒီးရမ်က ပြောသည်။

ပူတာအိုဒေသတွင် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိသာ တွေ့ရှိရသည့် ကျောက်ကြမ်းပိုး (ခေါ်) အင်းဆက်နွယ်ဝင် အမျိုးအစားဖြစ်ပြီး အကောင်အကြီးနှင့် အကောင်အသေးဟူ၍ နှစ်မျိုးရှိရာ အကောင်အသေး အမျိုးအစားတစ်မျိုးသာလျှင် ဈေးနှုန်းပိုရရှိကြောင်း သိရသည်။

ကျောက်ကြမ်းပိုးကို ယခင်နှစ်က နိုဆီဘူးတစ်ဘူးလျှင် ကျပ် ၁၀၀၀၀ နှင့် ၁၅၀၀၀ ကြား၊ တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀၀ နှင့် ၂၀၀၀၀၀ သိန်းကြား ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် နိုဆီဘူးတစ်ဘူးလျှင် ယခုလက်ရှိ ပေါက်ဈေးအရ ကျပ် ၂၀၀၀၀ နှင့် ၃၀၀၀၀ ကြား၊ တစ်ပိဿာလျှင် ကျပ် ၅၀၀၀၀၀ သိန်းအထိ ဈေးကောင်းပေးဝယ်သဖြင့် မြစ်၊ ချောင်း၊ ကမ်းစပ်များတွင် ကျောက်ကြမ်းပိုးရှာဖွေသူ များပြားလာသည်။

ကျောက်ကြမ်းပိုး အင်းဆက်ကောင်များသည် လူသူအရောက်အပေါက်နည်းသော ချောင်းများ၊ ချောင်းစပ်၊ ကျောက်ကြို ကျောက်ကြားများတွင် ခိုအောင်းနေထိုင်လျက်ရှိပြီး နံနက်ပိုင်းတွင် ကျောက်ခဲများကိုလှန်၍ ရှာဖွေရသလို ညနေပိုင်းအစာရှာထွက်ချိန်တွင် ဝါး၊ ခြင်ထောင်၊ ဇကာခြင်း၊ ရိုက်တံရှည်၊ မိုးကာအကြည်၊ ပိုက်များဖြင့် ဖမ်းလေ့ရှိကြသည်။

အဆိုပါ ကျောက်ကြမ်းပိုး အင်းဆက်ကောင်များသည် ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူးနှင့် ပန်နန်းဒင် စသည့် မြိုနယ်များရှိ မုန်လန်ချောင်း၊ နမ်ရင်ချောင်း၊ ကဆန်ချောင်း၊ မေခနှင့် မလိခမြစ်တိုတွင် အများအားဖြင့် ဖမ်းယူရရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)