ကျန်းမာရေးအတွက် ကောင်းကျိုးငါးမျိုးပေးနိုင်တဲ့ သစ်ကြံပိုးခေါက်ရဲ့အစွမ်း

သစ်ကြံပိုးခေါက်ဆိုတာ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ သူ့ကို စားသောက်ဖွယ်ရာတွေထဲမှာသာမက တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာမှာလည်း ထည့်သွင်း အသုံးပြုလေ့ရှိပါတယ်။ အချိန်ကာလအားဖြင့်တော့ ရာစုနှစ်ပေါင်းများစွာ အထိရှိနေပါပြီ။

သစ်ကြံပိုးခေါက်ဆိုတဲ့အတိုင်း သူဟာ သစ်ခေါက်တစ်မျိုးဖြစ်ပါတယ်။ တွေ့ရာသစ်ခေါက်တော့ မဟုတ်ပါဘူး။ Cinnamomum မျိုးရင်းဝင် အပင်များရဲ့ သစ်ခေါက်သာဖြစ်ပါတယ်။ သူ့ရဲ့အရသာက ချိုမြပြီး အနွေးဓာတ်ရှိတယ်။

အများအားဖြင့် သစ်ကြံပိုးခေါက်ကိုအသုံးပြုကြတာက ဟင်းချက်ပြုတ်ရာမှာပါ။ ဒါပေမဲ့ သူ့မှာများပြားလှစွာသော ကျန်းမာရေး အကျိုးကျေးဇူးများ ရှိပါတယ်။

သူက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မလဲဆိုတာကိုတော့ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နှလုံးကျန်းမာရေးကိုကောင်းကျိုးပေး

သစ်ကြံပိုးခေါက်ဟာ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးစွမ်းနိုင်တဲ့ ဆေးဖက်ဝင်အမယ် တစ်မျိုးဖြစ်ပါတယ်။

သူက သွေးတိုးတာကို လျှော့ချပေးနိုင်တယ်။ ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တယ်။ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု ကို ပိုမိုကောင်းမွန်စေတယ်လို့ သုတေသီတွေရဲ့လေ့လာမှုများမှာ တွေ့ရပါတယ်။

တစ်ရက်ကို သစ်ကြံပိုးခေါက်ပမာဏ ၁၂၀ မီလီဂရမ်နှုန်းနဲ့ သီတင်းပတ် ၁၂ ပတ်ခန့်စားသုံးမယ်ဆိုရင် သွေးတိုးရောဂါ ဖြစ်ပွားမှုကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။

သစ်ကြံပိုးခေါက်ထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ အဲဒီဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက နှလုံးမှာ ဓာတ်တိုးခြင်းကြောင့် ဖိအားဖြစ်ပေါ်မှုကို ကောင်းစွာကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုဖိအားဖြစ်ပေါ်ခြင်းက နှလုံးရောဂါဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ။

ဓာတ်တိုးခြင်းကြောင့် ဖိအားဖြစ်ပေါ်မှုကို လျှော့ချလိုက်ခြင်းအားဖြင့် သွေးလွှတ်ကြောများအတွင်း ရောင်ရမ်းခြင်းဖြစ်ပေါ်မှုကို လျှော့ချ ပေးနိုင်ပါတယ်။

အကျိုးဆက်အနေနဲ့ သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီး ရုတ်တရက်နှလုံးရပ်ခြင်းနဲ့ လေသင်တုန်းဖြတ်ခြင်း ရောဂါများ  ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးလိုက်နိုင်တာပဲဖြစ်ပါတယ်။

ဆီးချိုဖြစ်မှုကိုထိန်းချုပ်

သစ်ကြံပိုးခေါက်ဟာ သွေးတွင်းသကြား ဓာတ်ထိန်းချုပ်မှုကို ပိုမိုကောင်းမွန်စေတယ်လို့ အထက်မှာပြောခဲ့ပါတယ်။ ဒါတင်မကသေး ပါဘူး။ သူက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားနေသူတွေရဲ့ သွေးတွင်းသကြားဓာတ်ကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။

သုတေသန ၁၀ ခုရဲ့ ရလဒ်တွေကိုပေါင်းပြီး ခြုံငုံကြည့်လိုက်မယ်ဆိုရင် ဆီးချိုရောဂါဖြစ်ပွားနေသူတွေအနေနဲ့ တစ်ရက်ကို သစ်ကြံ ပိုးခေါက် ၁၂၀ မီလီဂရမ်ကနေ ၆ ဂရမ်အထိ နေ့စဉ်စားသုံးပေးပါက သီတင်းပတ် ၄ ပတ်ကနေ ၈ ပတ်အတွင်း သွေးတွင်း သကြားဓာတ် ပမာဏကို ထိရောက်စွာ လျှော့ချပေးနိုင်တယ်ဆိုတဲ့အချက် ထွက်ပေါ်လာပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်က အင်ဆူလင်ရဲ့တုံ့ပြန်နိုင်မှုကို တိုးမြှင့်ပေးခြင်းအားဖြင့် လုပ်ဆောင်တာပါ။

အင်ဆူလင်ဆိုတာ သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းချုပ်ပေးနေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။

သစ်ကြံပိုးခေါက်က အင်ဆူလင်ရဲ့တုံ့ပြန်နိုင်မှုကို တိုးမြှင့်ပေးလိုက်တဲ့အတွက် မိမိတို့ခန္ဓာကိုယ်ကလည်း အင်ဆူလင်ကို ပိုမိုထိ ရောက်စွာ အသုံးပြုလာနိုင်ပါတယ်။

ဒါကြောင့်ပဲ သစ်ကြံပိုးခေါက်ဟာ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သလို ဆီးချိုရောဂါဖြစ်နေသူတွေမှာလည်း ရောဂါပိုပြီး ဆိုးမလာအောင် ထိန်းချုပ် ပေးနိုင်စွမ်းရှိတာကို တွေ့ရတာဖြစ်ပါတယ်။