ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူပြည်သူ အပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း နှစ်သစ်မင်္ဂလာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်သို့ ကူးပြောင်း ရောက်လာပြီဖြစ်ပါ၍ နှစ်ဟောင်းမှ မကောင်းသော ဘေးဒုက္ခစိန်ခေါ်မှု အပေါင်းကင်းဝေးပြီး ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှသောနှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါသည်။ နှစ်သစ်သို့ကူးပြောင်း ရောက်ရှိလေတိုင်း ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံတော် အကြီးအကဲနှင့် အစိုးရအဖွဲ့ဝင်များ၊ အခြားသော ပုဂ္ဂိုလ်များက နှစ်သစ်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားကာ ဆုမွန်ကောင်း တောင်းလေ့ရှိပါသည်။

မေတ္တာတရားရှေ့ထား၍ နိုင်ငံတော်ကြီး သာယာအေးမြပါစေကြောင်း၊ ပြည်သူများအနာရောဂါ ဘေးရန်ကင်းကွာ၍ ဘာသာသာသနာ အကျိုးသယ်ပိုး ဆောင်ရွက်အောင်မြင်ပါစေကြောင်း၊ ထာဝရငြိမ်းချမ်းပါစေကြောင်း စသည်ဖြင့် ဆုတောင်းစကားများမှာ တန်ဖိုးကြီးမားလှပါသည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအပေါင်းသည် အဖျက်အမှောင့် အနှောင့်အယှက်ကင်းစွာ မိမိတို့၏ဘဝကို ရှင်သန်ရပ်တည် နေလိုကြသည်။

အလုပ်အကိုင်အခွင့်အလမ်း ပေါများ၍ မိသားစုဘဝ အဆင်ပြေပြေ နေလိုကြသူများဖြစ်ကြသည်။ မိမိတို့ယုံကြည်ရာ ဘာသာတရားများကို ကိုးကွယ်ရင်း လူ့ဘဝခရီးကို ပျော်ရွှင်စွာဖြတ်သန်းလိုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်ပေးလျက်ရှိသည်။ ထို့ပြင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း ပြည်သူတစ်ရပ်လုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိခြင်းဖြင့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တစ်နှစ်လုံးကို ပျော်ရွှင်စွာ ဖြတ်သန်းကြရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားများသည် နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကပင် အေးအတူပူအမျှ အတူတကွ နေထိုင်လျက်ရှိသည့် နိုင်ငံဖြစ်ပါသည်။ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသည်။ စက်မှုလုပ်ငန်းနှင့် ဆက်စပ်နေသည့် တွင်းထွက်ပစ္စည်းများလည်း နေရာအနှံ့တွင် ရှိနေပါသည်။ စိုက်ပျိုးမြေများလည်း များစွာရှိသကဲ့သို့ သင့်တင့်မျှတသော ရာသီဥတုလည်း ရှိနေပါသည်။

မြန်မာနိုင်ငံအတွင်းလိုအပ်နေသည်မှာ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခများ ပျောက်ကွယ်ခြင်း မရှိသေးသည့်အတွက် အဆိုပါလက်နက်ကိုင်များ ရှိနေသည့်နေရာဒေသမှာ တိုးတက်မှု နှေးကွေးလျက် ရှိသည်ကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များ အတိုင်းဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်ပေးလျက်ရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပါက (NCA)လမ်းကြောင်းတွင် လျှောက်လှမ်းကြရန်သာ ဖြစ်သည်။

မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် လက်ဆင့်ကမ်းအမွေပေးနိုင်ရေး လိုအပ်နေသည်မှာ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်း ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သော ပြည်သူများအနေဖြင့် ပြည်တွင်းပြည်ပအဖျက် အမှောင့်များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို အမျိုးသားရေး အသိဖြင့် သတိကြီးစွာ ကာကွယ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ပေးနေမှုများမှာ အားရဖွယ်ကောင်းလှသည်။ နိုင်ငံနှင့်ပြည်သူများ အတွက်

ကောင်းသော အကျိုးစီးပွားတိုးပွားရေးကို ဦးတည် လုပ်ဆောင်နေသည်မှာ လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ထင်ရှားရှား တွေ့မြင်နိုင်သည့် အရာများဖြစ်သည်။ ကောင်းကျိုးပြုနေသူများ၏ ဆန့်ကျင်ဘက်ဖြစ်သော အကြမ်းဖက်အဖျက်သမားတို့၏ တိုင်းပျက်ပြည်ပျက်လုပ်ရပ်များမှာလည်း ထင်သာမြင်သာရှိသည့် အရာများ ဖြစ်သည်။

ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူကို သတ်ဖြတ်၊ လုယက်ခြင်းကို CRPH၊ NUG ၊ PDF အမည်ခံအကြမ်းဖက် အုပ်စုများက ဥပဒေမဲ့ ကျူးလွန်နေသည်ကို ပြည်ပနိုင်ငံအချို့ သွေးထိုးမြှောက်ပင့်ပေးနေသည်မှာ တိုင်းရင်းသား ပြည်သူလူထုအတွက် စိတ်နှလုံး မချမ်းမြေ့ဖွယ်ဖြစ်သည်။ နှစ်သစ်တွင်ပြည်သူတစ်ရပ်လုံး ကျန်းမာချမ်းသာစွာ နေနိုင်ရေးအတွက် နိုင်ငံတော် အစိုးရက နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် လုပ်ဆောင်လျက်ရှိပေရာ ပြည်သူများကလည်း ပူးပေါင်းပါဝင်ကြရန်ဖြစ်သည်။ သို့မှသာ နှစ်သစ်အချိန်အခါ ကာလတွင် လူတိုင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လူမှုစီးပွားမြင့်မားမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။