ရုရှားက ဗြိတိန်ကို စစ်ရာဇသံပေး

ယူကရိန်းတပ်ဖွဲ့တွေဘက်က ဗြိတိန်နိုင်ငံထုတ်ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံ ပိုင်နက်အတွင်းကို တိုက်ခိုက်လာမယ်ဆိုရင် ရုရှားနိုင်ငံဘက်က ဗြိတိန်နိုင်ငံရဲ့ ပစ်မှတ်တွေကို လက်တုံပြန်တိုက်ခိုက်မှုသွားမယ်လို့ စစ်ရာဇသံပေးလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအနေနဲ့ ဗြိတိန်ကပေးတဲ့ တာဝေးပစ်ဒုံးကျည်တွေသုံးပြီး ရုရှား နိုင်ငံရဲ့အတွင်းပိုင်းဒေသတွေကို ပစ်ခတ်တိုက်ခိုက်ခွင့်ရှိတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်ကပြောခဲ့ပြီးတဲ့နောက် ရုရှားကအခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး နိုင်ဂျယ်ကာဆီကိုဆင့်ခေါ် သံတမန်လမ်းကြောင်းကနေ တရားဝင်ကန့်ကွက်မှု လုပ်ခဲ့ပြီး “ယူကရိန်းက ဗြိတိန်နိုင်ငံထုတ်လက်နက်တွေနဲ့ ရုရှား နိုင်ငံအပေါ် တိုက်ခိုက်မှုလုပ်မယ်ဆိုရင် ယူကရိန်းနဲ့ အခြားနေရာတွေမှာရှိတဲ့ ဗြိတိန်နိုင်ငံရဲ့ စစ်ရေးအဆောက်အအုံတွေ၊ စစ်လက်နက်ပစ္စည်းတွေကို ရုရှားက ပစ်မှတ်ထား တုံ့ပြန်တိုက်ခိုက်ရပါလိမ့်မယ်လို့ ဗြိတိန်သံအမတ်ကြီးကို ပြင်းပြင်းထန်ထန် သတိပေးပြောကြားလိုက်ပါတယ်။

မေလ ၆ ရက်နေ့ကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်က နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေအသုံးပြုမှုကို စစ်ဆေးနိုင်ဖို့အတွက် စစ်ရေး လေ့ကျင့်ခန်းတစ်ရပ်လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရပါတယ်။ #Crd