ကမ်းရိုးတန်း ဒေသတွေမှာ မိုးသက်လေပြင်းကျပြီး မိုးသည်းထန်မယ်

လေဖိအားနည်း ရပ်ဝန်းကြောင့် ကမ်းရိုးတန်း ဒေသတွေမှာ ယနေ့ကနေ ဩဂုတ် ၂ ရက်နေ့အထိ မိုးသက်လေပြင်း ကျပြီး မိုးသည်းထန်မယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ပြောကြားထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာတဲ့ လေဖိအားနည်းရပ်ဝန်း INVEST-95B ကြောင့် ကမ်းရိုးတန်းဒေသများမှာ မိုးသက်လေပြင်းကျရောက်နိုင်မဲ့ အခြေအနေများဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်မှာ ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ်လဆန်း ၂ ရက်နေ့အထိ မိုးသက် လေပြင်းများကျနိုင်ပါတယ်လို့ဆိုပါတယ်။

မိုးသက်လေပြင်းကျတဲ့အချိန် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိရှိနိုင်ပြီး ကမ်းနီးပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၁၀ ပေ မှ ၁၂ ပေအထိ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာလဲ အနောက်တောင်ဘက်မှ လေပြင်း တစ်နာရီ မိုင်၂၀ မှ ၃၀ ခန့်အထိ တိုက်ခတ်ပြီး မိုးသည်းထန်မယ်လို့လည်း ပြောကြာထားပါတယ်။