ကမ္ဘောဒီးယားက ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ဒေါ်လာဘီလျံချီတန်တဲ့ လေဆိပ်ဖွင့်လှစ်

ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်လည်ပတ်မှု များပြားလာစေဖို့အတွက် ဆီယန်ရစ်ပြည်နယ်မှာ ၎င်းရဲ့ နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်းပုံစံ ဒေါ်လာဘီလျံနဲ့ချီတန်တဲ့ လေဆိပ်သစ်တစ်ခု Siem Reap-Angkor ကို နိုဝင်ဘာ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဒီလေဆိပ်ရဲ့ စီမံခန့်ခွဲမှုနဲ့ စက်ကိရိယာတွေကို ခေတ်မီအောင်လုပ်ဆောင်ထားပြီး ဧည့်သည်တွေကို ပိုများများ လက်ခံဖို့ ပြင်ဆင်ထားတယ် လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

COVID-19 ကပ်ရောဂါမဖြစ်မီက ကမ္ဘောဒီးယားဟာ နိုင်ငံခြားခရီးသွား ၆ ဒသမ ၆ သန်းခန့်ထိ ရရှိခဲ့ပါတယ်။

အဆိုပါ ခရီးသွား သုံးပုံတစ်ပုံဟာ တရုတ်နိုင်ငံမှ ဖြစ်တယ်လို့ သိရပါတယ်။
Siem Reap-Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်၊ ကမ္ဘောဒီးယားနဲ့ တရုတ်ကြား ချစ်ကြည်ရင်းနှီးမှုသင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။

လေဆိပ်အဆောက်အအုံဟာ မြေဧရိယာ ဟက်တာ ၇၀၀ ပေါ်မှာ တည်ဆောက်ထားပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် တရုတ်နိုင်ငံမှ ချေးငွေ ရယူတည်ဆောက်ထားခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ကုန်ကျခဲ့ပါတယ်။

လေဆိပ်ရဲ့အဓိကဝင်ပေါက်ကို အန်ကောဝပ်ဘုရားကျောင်းဝင်ပေါက်ပုံစံ ဒီဇိုင်းထုတ်ထားပြီး Lara Croft: Tomb Raider ဇာတ်ကားရဲ့ အစိတ်အပိုင်းတစ်ချို့ကို ပုံတူပြုကာ ဆောက်လုပ်ထားပါတယ်။

လေဆိပ်ဟာ နှစ်စဉ်ခရီးသွား ၇ သန်းခန့် လက်ခံဖို့ ပြင်ဆင်ထားပြီး ၂၀၄၀ ပြည့်နှစ်လောက်မှာ ခရီးသွားအရေအတွက် ၁၂ သန်းအထိ တိုးလာဖို့ ရည်မှန်းထားပါတယ်။