ကမ္ဘာ့မာရသွန် စံချိန်တင်အပြေးသမား ကယ်လ်ဗင်ကီတွန်ကွယ်လွန်

ကမ္ဘာ့စံချိန်တင် မာရသွန်ပြိုင်ပွဲဝင် ကင်ညာနိုင်ငံသား အသက် ၂၄ နှစ်အရွယ် ကယ်လ်ဗင်ကီတွန်ဟာ ကင်ညာနိုင်ငံအနောက်ပိုင်းမှာ ကားတိုက်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် မာရသွန်အားကစားသမားအမျိုးသားဟာ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီ (စင်ကာပူစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက်) က ကတ်တာဂတ် မှ အဲလ်ဒေါ်ရတ်မြို့ကို မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ကယ်လ်ဗင် အပါအဝင် ရဝမ်ဒါနည်းပြ ဂါဗစ်ဟာကီဇီမာနာလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲလ်ဒေါ်ရတ်ဟာ ကင်ညာနိုင်ငံအနောက်ပိုင်းရှိ အတော်ဆုံး တာဝေးအပြေးသမားတွေကို မွေးထုတ်ပေးတဲ့ နာမည်ကြီးမြို့တစ်မြို့ဖြစ်ပါတယ်။ “ကားပေါ်မှာ လိုက်ပါလာသူ လူ ၃ ယောက်ရှိပြီး ၂ ယောက် ပွဲချင်းပြီး သေဆုံးကာ ကျန်တစ်ယောက်ကတော့ ဆေးရုံကို ပို့ထားရတယ်” လို့ ကင်ညာနိုင်ငံအနောက်ပိုင်း အယ်လ်ဂီယိုမာရာကွက် ကောင်တီမှ ရဲမှူး ပီတာမူလင်က ပြောကြားခဲ့ပါတယ်။

ကယ်လ်ဗင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချီကာဂိုမှာ ပြုလုပ်တဲ့ မာရသွန်ပြေးပွဲမှာ ကမ္ဘာ့စံချိန်တင် ၂ နာရီ ၃၅ စက္ကန့်(ယခင်စံချိန်ထက် ၃၄ စက္ကန့် ပိုမြန်စွာနဲ့) စံချိန်တင် အနိုင်ရခဲ့ပါတယ်။ ဒါအပြင် ကယ်လ်ဗင်ဟာ လာမယ့်ဧပြီလ ၁၄ ရက်မှာ ရာ့တာဒမ်မှာပြုလုပ်တဲ့ နှစ်နာရီကြာ မာရသွန်ပြိုင်ပွဲကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာထားသူဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းကို ပဲရစ်မြို့မှာကျင်းပမယ့် ၂ဝ၂၄ ခုနှစ်၊ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်မယ်လို့လည်း ခန့်မှန်းထားကြတာဖြစ်ပါတယ်။