ကန်-တရုတ် ဆက်ဆံရေး ယိမ်းယိုင်ဖွယ်မရှိ (ကန်ဝန်ကြီး Janet Yellen)

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးက ခြေခိုင်မြဲနေပြီဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ၄ ရက်ကြာခရီးအပြီးမှာပြောကြားလိုက်ပါတယ်။ ဒါပေမဲ့နှစ်နိုင်ငံ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေကိုတော့ တရက်တည်း နဲ့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး လို့ Janet Yellen က ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်တို့မှာ အရေးပါတဲ့သဘောကွဲလွဲချက်တွေရှိကြပါတယ်။ ဒီအတွက် တိုက်ရိုက် ရှင်းရှင်းလင်းလင်းဆက်သွယ်ပြောကြဖို့လိုပါတယ်။ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကို မဟာအင်အား ကြီး နိုင်ငံတွေရဲ့ ပဋိပက္ခဆိုတဲ့ဘောင်ထဲကနေ သမ္မတဘိုင်ဒန် နဲ့ ကျွန်မတို့ က မရှုမြင်ကြပါဘူး။ ကျွန်မတို့ တိုင်းပြည် ၂ ပြည်လုံး တိုးတက်ဖို့အတွက် ကမ္ဘာကြီးက လုံလုံလောက်လောက် ကြီးမားတယ်လို့ ကျွန်မတို့ ယုံကြည်ကြကြောင်းအမေရိကန် သံရုံး မှာ သတင်းထောက်တွေ ကို ဝန်ကြီး ဂျဲနက်ယယ်လင် ကပြောဆိုခဲ့ပါတယ်။

ဒီခရီးစဥ်အတွင်းမှာ မစ္စ ယယ်လင် ဟာတရုတ်တာဝန်ရှိသူတွေနဲ့ ၁၀ နာရီကြာ ဆွေးနွေးခဲ့ပါတယ်။ အချိန်တစ်ဝက်က တရုတ်ဒုတိယ ဝန်ကြီးချုပ် He Lifeng နဲ့ စနေနေ့မှာ ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးပွဲတွေ ဟာ ပွင့်လင်းပြီး အပြုသဘောဆောင်သလို ကျယ်ပြန့်နှံ့စပ်မှု ရှိတယ်လို့ မစ္စယယ်လင် က ဆိုပါတယ်။

တရုတ်မီဒီယာတွေကတော့ နက်ရှိုင်း၊ ပွင့်လင်း၊ လက်တွေ့ကျတယ်လို့ ပြောကြပါတယ်။ ကမ္ဘာ့ အကြီးဆုံး စီးပွါးရေးအင်အားကြီးနှစ်နိုင်ငံရဲ့ အဆက်အစပ်ကို ခွဲပစ်လိုက်တာဟာ တိုင်းပြည်နှစ်ပြည်လုံးအတွက် ဒုက္ခရောက်စေပြီး ကမ္ဘာအတွက် မတည်မငြိမ်ဖြစ်စေမယ်ဆိုတာကို နှစ်ဖက်လုံးက သိကြပါတယ်လို့ မစ္စယယ်လင် က ပြောပါတယ်။ ဒီလိုလုပ်ဖို့မဖြစ်နိုင်ဘူးလို့လည်းဆိုပါတယ်။ ပွင့်လင်း၊ လွတ်လပ်၊ မျှတပြီး၊ အပြန်အလှန် သက်ရောက် အားကောင်းတဲ့ ကမ္ဘာ့ စီးပွါးရေး ကို နှစ်နိုင်ငံလုံး က အလိုရှိကြတာဖြစ်ပြီး၊ တိုင်းပြည်အသီးသီးက ဘက်တစ်ဘက်မှာ ရပ်တည်၊ ကျိုးပျက်နေတဲ့ ကမ္ဘာ့စီးပွါးရေးကို အလိုရှိကြတာ မဟုတ်ပါဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယယ်လင်က သတင်းထောက်တွေ ကို ပြောသွားပါတယ်။

နှစ်ဖက်လုံးက ခရီးစဥ် ကို အပြုသဘော ပြောကြပေမဲ့၊ အခုလို ဆွေးနွေးပွဲတွေ ဆက်လုပ်မယ့် အစီအစဥ် ကိုတော့ ကြေညာကြတာမရှိပါဘူး။