ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ KIA အဖွဲ့နှင့် PDFများအား တပ်မတော်က တိုက်ခိုက်ချေမှုန်း

KIA တပ်ရင်း ၁ ရင်းနှင့် NUG လက်ဝေခံ PDF အကြမ်းဖက်သမားများ ပူးပေါင်းအကြမ်းဖက်လက်နက်ကိုင်အင်အားစုတချို့သည် ရွှေကူမြို့နယ်အတွင်း ဝင်ရောက်ပြီး တစ်ဖက်နိုင်ငံသို့ တရားမဝင်အဖိုးတန် သစ်တော သယံဇာတများ ပို့ဆောင်ခြင်းနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ PDF အဖွဲ့များထံ ပေးပို့မည့် လက်နက်၊ ခဲယမ်း ရောင်းချခြင်းနှင့် အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ရန် စီမံဆောင်ရွက်နေခြင်း၊ NUG မှ တရားမဝင် ကျောင်းများ ဖွင့်လှစ်သင်ကြားရန် စီမံနေခြင်းစသည့် လုပ်ရပ်များအပေါ် ကျေနပ်မှုမရှိသော ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင် များက မတ် ၂၃ ရက်နေ့မှ ဧပြီ ၈ ရက်နေ့အထိ လေကြောင်းနှင့် အမြောက်ပစ်ကူရယူကာ စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးလုပ်ငန်းများ အဆင့်လိုက် ဆောင်ရွက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိတွေ့ တိုက်ပွဲ ၂၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများတစ်ဝိုက် အခြေပြု စုဖွဲ့လျက်ရှိသော အကြမ်းဖက်အဖွဲ့များအား တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့များအနေဖြင့် ကျေးရွာများအား ရွာပုံစံ ခံစစ်စခန်းအဖြစ် လည်းကောင်း၊ ဘန်ကာ တည်ဆောက်၍လည်းကောင်း၊
ဘုန်းကြီးကျောင်းအတွင်း ခံစစ်ပြင်ဆင်ထား၍လည်းကောင်း ခုခံတိုက်ခိုက်ခဲ့သော်လည်း တပ်မတော်မှတိုက်ခိုက်ချေမှုန်းခဲ့သဖြင့် KIA အဖွဲ့နှင့် PDFများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ဆုတ်ခွာ ထွက်ပြေးစဉ် ကျေးရွာများအလိုက် နီးစပ်ရာလူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်း သတ်ခြင်းလုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက်ခဲ့ရပါတယ်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး KIA အဖွဲ့နှင့် PDFများထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ခဲယမ်း မျိုးစုံ ၂၇၉ တောင့်၊ ဗုံးသီးမျိုးစုံ ၁၂ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ မိုင်းမျိုးစုံ ၂၅ လုံး၊ စပ်ဆက်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်ရှင်။