ပုန်းတလုတ်ရေကန်ကတော့ ရွှေဥမင်လိုဏ်ဂူနဲ့ အနီးနားမှာတည်ရှိပြီး ပင်းတယမြို့လည်မှာတည်ရှိပါတယ်။
ကန်ရေပြင်က အစိမ်းရာင်သန်းနေပြီး ၈၁ ဒဿမ ၁၂ ဧက ကျယ်ဝန်းပါတယ်။
ပင်းတယမြို့ ရှေးသမိုင်းကြောင်း ကို ပြန်ကြည့်လိုက်မယ်ဆိုရင် တစ် ခါက ဗာရာပြည်ကြီးမှာ ဗာရာမင်းကြီးစိုးစံစဉ် မင်းကြီးမှာ လွန်စွာရုပ်ဆင်းအင်္ဂါချောမောလှပသော ကုမ္မာဘယမင်းသား သားတော်တစ်ပါး ရှိပါတယ်။(ဗာရာပြည်ကြီးသည် ညောင်ရွှေမြို့ဟု ဆိုလိုခြင်းဖြစ်)
ကုမ္မာဘယမင်းသားသည် မင်းသားတို့ တတ်အပ်သော ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို တတ်မြောက်လေ၏။
အထူးသဖြင့် လေး၊ မြားအတတ်တွင် တစ်ဖက်ကမ်း ခတ်တတ်မြောက်တဲ့အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေပါတယ်။
အဲဒီသားတော်ကို အချိန်မလွန်ခင် အိမ်ထောင်ပြုဖို့ သုံးကြိမ်တိုင် နားချသော်လည်း စိတ်မဝင်စားတာကြောင့် သားတော်ဖြစ်သူလည်း
ဖခင်ဖြစ်သူ သုံးကြိမ်မြောက် မပြောခင်မှာ သထုံပြည့်ရှင်မင်းကြီး၏ သမီးတော်ဖြစ်သူကို သွားရောက် ကြည့်ရှုနိုင်ရန်အတွက်
သွားရောက်ခဲ့ပါတယ်။သထုံပြည့်ရှင်မင်းကြီးထံ အရောက်မှာ အမှုတော်ထမ်းဖို့ တောင်းပန်ပြီး တာဝန်ထမ်းဆောင်နေစဉ်
မင်းကြီးက ရုပ်ဆင်းအင်္ဂါ ပြည့်စုံတဲ့ မင်းသားဖြစ်သူကို ရိပ်မိပြီး အမှန်အတိုင်း လျှောက်တင်စေကာ သမီးတော်နဲ့ ထိမ်းမြား လက်ထပ်
စေပါတယ်။အချိန်ကာလကြာလာတော့ သထုံမင်းသမီး နဲ့ သားတော်တစ်ပါး ရရှိချိန်မှာ ကုမ္မာဘယမင်းသား နေပြည်တော်ကို
လွမ်းတဲ့အတွက် အိမ်ပြန်ဖို့ရာ မင်းသမီးထံ ခွင့်ပန်ပြီး ပြန်လာခဲ့တယ်။
လမ်းခုလတ်မှာ နဂါးပတ်တောင်ကို ရောက်ပြီး တောင်ပေါ်မှာ အကျင့်သီလပြည့်စုံတဲ့ ရဟန်းတစ်ပါး သီတင်းသုံးကာ နဂါးတစ်ကောင်ကလည်း မည်သူ့မှ မကြောက်ဘဲ ရဲဝံ့စွာနေနေပါတယ်။ အဲ့ဒီတုန်းက ဒီဒေသဟာ တောအလွန်ခေါင်ပြီး သားရဲတိရစ္ဆာန်တွေဟာရေရှားတဲ့ဒေသဖြစ်တဲ့အတွက် သေကြေပျက်စီးနေတာကို နဂါးပတ်တောင်ကနဂါးမင်းကမကြည့်ရက်လို့ ပင်လယ်သမုဒ္ဒရာရေကို သူရဲ့ခံတွင်းထဲငုံပြီး အခုလက်ရှိပုန်းတလုတ်ရေကန်မှာသွန်ချခဲ့ပြီး သတ္တဝါတွေရေကန်ကို မဖျက်စီးအောင် အဓိဌာန်ပြုခဲ့ပါသတဲ့။ ငါသည်ဤပုန်းတလုတ်ရေကန်အားသတ္တဝါအများ၏ ချမ်းသာစွာနေထိုင်ရေးအတွက်အလွန်ဝေးကွာလှသောအရပ်ဒေသမှပင်လယ်သမုဒ္ဒရာရေကို ငါ၏နှုတ်တော်ဖြင့်သယ်ဆောင်၍ ရေကန်အဖြစ်ဖန်ဆင်းပေးခဲ့သည်။
ဤမှန်သောသစ္စာစကားကြောင့် ဤကန်၌ငါးဖမ်းခြင်း၊လှေလှော်ခြင်း၊ ဖောင်စီးခြင်း၊ တံတားထိုးခြင်းပြုလုပ်ပါက ရေများခမ်းခြောက်ပါစေသတည်းလို့ အဓိဌာန်ပြုခဲ့တဲ့ကန်ဖြစ်လို့ ရေကန်၏အမည်အပြည့်အစုံမှာ နာဂဓိဌာန်ပုန်းတလုတ်ဟုခေါ်တွင်ကြ၏။
အနားကဂဠုန်ကလည်း နဂါးကို မြင်ပြီး သုတ်ချီပြေးပေမယ့် သုတ်မရတာကြောင့် လူယောင်ဆောင်ပြီး ရှင်ရသေ့ထံ ချဉ်းကပ်ပြီး အကြောင်းစုံ မေးမြန်းရာမှာ “ဒီနဂါးဟာ ပတ္တမြားမျက်ရှင် ငုံထားတဲ့အတွက် ဦးခေါင်းကဖြစ်စေ၊ ခါးကဖြစ်စေ၊ သယ်ယူ၍ မရချေ။အကယ်၍
ဂဠုန်ဟာ အမြီးပိုင်းကနေ သယ်ဆောင် သုတ်ချီမယ်ဆိုရင် ပတ္တမြားမျက်ရှင် ထွက်ကျမှာ ဖြစ်တဲ့အတွက် ဉာဏ်နည်းသော ဂဠုန်များ
မသိနိုင်ကုန်”လို့ ပြောတာ သိလိုက်တာနဲ့တစ်ပြိုင်နက် ဂဠုန်လည်း ရှင်ရသေ့ ပြောတဲ့အတိုင်း နဂါးကို သုတ်ချီပြေးချိန်မှ မင်းသားကို
တွေ့မြင်တဲ့နဂါးဟာ “ကယ်တော်မူပါ၊ အသက်ဘေးက ကယ်တင်ရင် ကျေး ဇူးဆပ်ပါမည်”ဟု ငိုယိုတောင်းပန်တဲ့အတွက်
လေးတော်နှင့် ခွင်းတဲ့အတွက် ကောင်းကင်မှ ပြုတ်ကျပါတယ်။
လေးဒဏ်ရာထိသော ဂဠုန်ဟာ သေအံ့ဆဲဆဲ “ငါနဂါးကိုစားရခါနီးအချိန်တွင် သင့်လက်ချက်ကြောင့် သေရတော့မှာ ဖြစ်တဲ့အတွက် နောင်ဘဝမှာ ကြီးစွာသော ခန္ဓာကိုယ်ဖြင့် သင့်လမ်းကြောင်းမှာ ပိတ်ပြီး ရန်မူနိုင်ပါစေ”ဟု ကျိန်ဆိုပြီး သေပါတယ်။နဂါးကလည်း မင်းသားထံ ချဉ်းကပ်ပြီး အသင်မင်းသား လိုအပ်ချိန်မှာ မြေကြီးကို သုံးချက်ပုတ်၍ ခေါ်လိုက်ပါက အမြန်ချက်ချင်း ကျွန်ုပ်ရောက်လာပြီး ကျေးဇူးဆပ်ပါမည်ဟု ပြောပြီး နေရပ်ပြန်သွားပါတယ်။ဂဠုန် သည် ဒီဘဝမှ သေဆုံးပြီး အနောက်ဘက်တောင်ကြော အောက်ခြေရှိ တောင်ကမ်းပါးယံတွင် ဥမင်သုံးခုတို့တွင် အလယ်ဥမင်၌ ကြီးမားစွာသော ပင့်ကူကြီး ဖြစ်နေပါတယ်။
အဆိုပါ ဥမင်သုံးခုတို့မှာ ပင်းတယလိုဏ်ဂူတော်တို့ပင် ဖြစ်ပါတယ်။အဆိုပါ ဥမင်သုံးခု၏ တောင်ခြေရင်းတွင် နတ်သမီးတို့ ရေကစားပျော်မြူးလေ့ရှိသောရေကန်ကြီး (ပုန်းတလုတ်) တည်ရှိပါတယ်။ ထိုရေကန်ကြီးမှာ ငွေတောင်ပြည်ကို အစိုးရသော နတ်မင်းကြီး၏ သမီးတော် ခုနစ်ဖော်တို့ရေကစားလေ့ ရှိပါတယ်။ထိုနေ့မှာ နတ်သမီးတို့ ရေကစားပျော်ပါးနေချိန် အမှောင်ရီပျိုးချိန် ရောက်လာတော့ ငွေတောင်ပြည်ကို မပြန်တတ်တော့ဘဲအနီးအနားမှာရှိတဲ့ ဥမင်သုံးခု၏ တောင် ဘက်ဆုံး ဥမင်ထဲမှာ တစ်ညတာ အိပ်စက် အနားယူကြပါတယ်။ အလယ်ဂူမှာ နေထိုင်တဲ့ပင့်ကူကြီးဟာ နတ်သမီးများရဲ့ စကား ပြောဆိုသံများကြားရပြီး လျင်မြန်စွာဖြင့် ဂူပေါက်ဝကို ရောက်ရှိလာပြီးတော့ ကြီးမားတုတ်ခိုင်တဲ့ပင့်ကူမျှင်များနဲ့ အထပ်ထပ်ပိတ်လိုက်ပြီး အလယ်ဂူကို ပြန်သွားပါတယ်။နောက်တစ်နေ့ မိုးသောက်ချိန်မှာ မင်းသားလေး ရေကန်အနားသို့ ရောက်ရှိလာပြီး အသံကြားသဖြင့် အနီး အနား မော့ကြည့်ရှာဖွေရာ တောင်ကမ်းပါးယံရှိ ဂူများတွင် နတ်သမီး အော်သံများကို ကြားရပြီး သွားရောက် ကြည့်ရှုရာ ပင့်ကူမျှင်များနဲ့ ပိတ်ဆို့နေတဲ့ ဂူပေါက်ဝကို တွေ့ရပါတော့တယ်။