နှစ်သစ်မှာ ကြွေးသစ်မတင်စေချင်၊ နှစ်ဟောင်းက ကြွေးဟောင်းသာဆပ်စေချင် (၂)

ဒေါက်တာမြတ်မိုး

မနာလိုဝန်တိုမှု၊ ပြန်တွေး တွေဝေငေးငိုင်နေတတ်တဲ့ တရားဆိုးတွေ လောဘ ဒေါသက သူ့ချည်းမလာပါဘူး။ တစ်ခါတစ်ရံ ဣဿာနဲ့ မစ္ဆရိယ တစ်နည်း မနာလိုဝန်တိုမှု ကိုပါတွဲခေါ်လာတတ်ပါတယ်။ သူတစ်ပါးစည်းစိမ်ပညာကို ငြူစူမရှုစိမ့်၊ ကိုယ့်စည်းစိမ်ဥစ္စာပညာကိုတော့မပေးချင်၊ လျှိဝှက်တတ်တဲ့သဘောတွေဟာ ဆိုးတဲ့တရားတွေထဲပါပါတယ်။ နောက်တစ်ခုက ကိုယ်လုပ်လိုက်မိတဲ့ ဒုစရိုက်၊ ကိုယ်မလုပ်လိုက်မိတဲ့ ကုသိုလ်တစ်ခုခုကိုလုပ်မိလေခြင်း၊ မလုပ်မိလေခြင်း စသဖြင့် တွေးတွေးပြီး ပူပန်စိုးရိမ်နေတတ်တာ၊ နောင်တရနေတဲ့သဘောဟာလည်း တရားဆိုးတစ်ခုပါပဲ။
အထက်မှာဆိုခဲ့သလို ကိုယ်ပြုမိတဲ့အကုသိုလ်ကိုပယ်နိုင်အောင် ကြိုးစားပါဆိုတဲ့ သမ္မပဒါန်က ဒီသဘောပါပဲ။ ပြန်တွေးပူပန်နေခြင်းက ကုက္ကုစ္စ အကုသိုလ်သဘောဖြစ်လို အလုပ်မဖြစ်ပါဘူး။ ဆင်ခြင်ပြီးနောင်မဖြစ်အောင် ဝီရိယထားကြိုးစားမှသာ ကုသိုလ်ဖြစ်မှာပါ။ မှန်မှန်ကန်ကန် အားထုတ်တဲ့ဝီရိယမျိုးရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ထိုင်းမှိင်းခြင်းနဲ့တွေဝေငေးငိုင်မှုဆိုတဲ့ တရားဆိုး တွေလည်းရှိပါသေးတယ်။ ချုပ်လိုက်ရင်တော့ ဖြူစင်နေတဲ့စိတ်ကိုခြယ်လှယ်နေတာ ထိုထိုစေတသိက်အကုသိုလ်တွေပါလားဆိုတာ သိသွားရတာပါပဲ။ ဒီလိုသိရတဲ့အခါ ထိုဖြစ်စဉ်လေးတွေဖြစ်လာတိုင်း ပေါ်လာတိုင်း ပယ်နိုင်အောင် ရှောင်နိုင်အောင် ကြိုးစားချင်စိတ်ရှိဖိုသာ လိုရင်းဖြစ်ပါတယ်။

ကိုယ့်စိတ်ကိုယ်သိနေဖိုလို
ကိုယ့်စိတ်ကိုယ်သိနေဖိုသာလိုတာပါ။ အာရုံတွေဝင်လာတိုင်း ကိုယ့်စိတ်ကကုသိုလ်ဖြစ်နေလား၊ အကုသိုလ်ဖြစ်နေလားပေါ့၊၊ ကုသိုလ်ဖြစ်ဖိုဆိုရင် အာရုံနဲ့ဒွါရတိုက်လို ဖြစ်လာတဲ့စိတ်နဲ့ယှဉ်တဲ့ ကုသိုလ်စေတသိက်တွေကြောင့်ဆိုတာ လေ့လာနိုင်ပါတယ်။ ဒီနာမ်တရားတွေက ကိလေသာ အညစ်အကြေးတွေကို ကင်းဝေးစင်ကြယ်စေလို ဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးကိုယုံကြည်တာ၊ ကံ ကံ၏အကျိုးကို ယုံကြည်တာ၊ ထိုတရားတွေဟာ ကျွန်တော်တို ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားအနှစ်ပါပဲ။

ဘုရားဆိုတဲ့ အာရုံ၊ တရားဆိုတဲ့အာရုံ၊ သံဃာ ဆိုတဲ့အာရုံတွေအပေါ်မှာ ကြည်ညိုတယ်။ ကြည်ညိုတော့ မိမိရဲ့နာမ်တရားတွေလည်း ကြည်လင်လာတယ်ဆိုတဲ့ ယုံကြည်မှုသဒ္ဓါတရားဟာ သဒ္ဓါအစစ် လိုဆိုထိုက်ပါတယ်။ ယုံကြည်မှုရှိလာရင် ထိုကောင်းတဲ့အာရုံတွေအပေါ်မှာ ထပ်ခါထပ်ခါအောက်မေ့ခြင်း၊ ပွားများခြင်းသည် သတိဆိုတဲ့တရားရှိမှသာဖြစ်နိုင်တဲ့အတွက် ဒီနေရာမှာ သဒ္ဓါနဲ့သတိဆိုတဲ့ တရားနှစ်ခုကို ထပ်ဖြည့်ချင်ပါတယ်။

ကောင်းမြတ်အကျင့်မကျင့်သမျှ အလှမ်းဝေးနေဦးမည့် ငြိမ်းချမ်းရေး
ယနေ့ကာလအကုသိုလ်တွေ တိုးပွားများပြားလာခြင်းရဲ့ အကြောင်းတရားတစ်ခုမှာ အရှက် အကြောက်နည်းလာတာလည်းပါတယ်။ မကောင်းတာလုပ်မိလိုအရှက်အကြောက်မရှိ၊ ကောင်းတာလုပ်ဖိုဆိုရင်တော့ ရှက်တတ်ကြောက်တတ်ကြတာ သတိထားမိတယ်၊ အားလုံး ကပြောင်းကပြန်ချည်းပဲ။ မကောင်းတာလုပ်မိရင် ရှက်တတ်ကြောက်တတ်တဲ့သဘောဟာ အကုသိုလ်ရဲ့လားရာကို သိနေသူတွေအတွက်သာဖြစ်ပါတော့တယ်။ အကုသိုလ်လောဘရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောဘရှိသူတွေသာလျှင် စွန့်ကြဲပေးကမ်းလှူဒါန်းမှုမှာပြီးပြည့်စုံတဲ့ ဒါနအရာမြောက်တတ်ကြပါတယ်။ အလောဘရှိသလို အဒေါသဆိုတဲ့ မေတ္တာတရားလည်း ရှိပြန်တယ်။ သူတစ်ပါးအကျိုးစီးပွားချမ်းသာခြင်းကိုမလိုလား၊ သူ့ပစ္စည်း၊ သူ့ဥစ္စာသာ အလိုကြီးတပ်မက်လိုချင်နေကြသရွေ့ ပဋိပက္ခသံသရာကဆုံးမှာမဟုတ်ပါဘူး၊၊ ကိုယ့်ထက် အားနည်းသူ၊ ကိုယ့်လောက်မရှိသူကိုအကြင်နာကင်းပြီး သနားညှာတာမှုမရှိ၊ သူတစ်ပါးချမ်းသာ တိုးတက်နေရင် ဝမ်းမြောက်ခြင်းလည်းမရှိ၊ ချမ်းသာခြင်း/ ဆင်းရဲခြင်းလည်းမဖြစ်၊ ကံ ကံ၏အကျိုးပေးပါလားဆိုပြီး အလယ်အလတ်သဘောနဲ့ဥပေက္ခာပြုနိုင်တဲ့ သဘောထားလည်းမရှိ၊ ထို မရှိ၊ မရှိဆိုတဲ့ ဆန့်ကျင်ဘက်သဘောဆောင်တဲ့ လက္ခဏာတွေရှိနေသမျှ ငြိမ်းချမ်းမှုနဲ့လည်းအလှမ်းဝေးနေကြဦးမှာ ဖြစ်ပါတယ်။
အထက်ပါအဆိုးတရားအားလုံးရဲ့ဆန့်ကျင်ဘက် အတွေးအကြံ၊ အပြောအဆို၊ အပြုအမူတို သာလျှင် ငြိမ်းချမ်းရေးအတွက် ကောင်းမြတ်တဲ့အကျင့်တွေဖြစ်တဲ့အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာသဘောတွေကို မိမိလက်တွေ့ဘဝမှာ ချိန်ဆကျင့်ကြံခြင်းသာလျှင် ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့အာမခံချက်တွေ ဖြစ်လာပါလိမ့်မယ်။

ကုသိုလ်/အကုသိုလ် ခွဲခြားသိလာရင်ကို ငြိမ်းချမ်းခြင်းအတွက်အောင်မြေတစ်ဝက်နင်းပါပြီ။ အကုသိုလ်ရဲ့အပြစ်က အခုဘဝ နောင်ဘဝ တိုက်ဆိုင်ရင်အကျိုးပေးပါတယ်။ ကံ ကံ၏အကျိုးကို အချိန်သိပ်မစောင့်ရဘဲ လက်ငင်းအကျိုးပေးတတ်တယ်ဆိုတာသိထားရင် ရှောင်ရန်ဆောင်ရန် မခက်ပါဘူး။ မြင်တတ်ကြည့်တတ်ဖိုက သတိတစ်လုံးပါပဲ။ အဆင်မပြေတာတွေ၊ မနှစ်မြိုစရာတွေ၊ အတားအဆီးတွေများတဲ့အခါ သတိထားစေချင်တာက ကိုယ်သာအနာခံပြီး စိတ်မနာမိစေဖိုအရေးကြီးပါတယ်။
မပြီးနိုင်မဆုံးနိုင်စိတ်နာခြင်းက အကုသိုလ်ကို အဖန်တလဲလဲတိုးစေတတ်တာ သတိထားမိလာပြီ။ ချစ်ခြင်းမုန်းခြင်း၊ ဖိစီးခြင်း၊ ပျော်ရွှင်ခြင်းစတာတွေအားလုံး ကိုယ့်အတွင်းစိတ်ကပဲလာတာပဲဆိုတာသိလာပြီဆိုရင် ဆင်းရဲချမ်းသာတာနဲ့မပျော်ရွှင်မှု၊ ပျော်ရွှင်မှုဟာဆက်စပ်မှုမရှိ၊ ဆင်းရဲပေမယ့်စိတ်ချမ်းသာနေသူတွေ၊ ချမ်းသာပေမယ့် ပူနေရသူတွေတစ်ပုံကြီးရှိနေတာပဲလို သိနိုင်လာပါလိမ့်မယ်။ ဒါကြောင့် ပြောချင်တာက ဆင်းရဲပေမယ့် ကိုယ့်အတွင်းစိတ်ကိုကြံ့ခိုင်အောင်လုပ်ပါ။ ခွင့်လွှတ်ပေးပြီးပျော်ပျော်နေပါ။ ဒေါသနဲ့အမုန်းဖယ်ပြီး ကိုယ့်ကိုယ်ကိုယ်ကျေနပ်အောင်နေပါ။ စိတ်ကြောင့်အသက်တိုစေတဲ့ ဒီရုပ်ဒီခန္ဓာကြီးကို ဖိစီးနှိပ်စက်မခံပါနဲ့လိုသာ ဆိုလိုက်ပါရစေ။

အကြောက်တရားနဲ့ ငြိမ်းချမ်းတာထက်သူများကို ဒုက္ခမရောက်စေတဲ့နည်းလမ်း၊ ကိုယ်လည်း အများကြီးမခံစားရတဲ့ နည်းလမ်းမျိုးနဲ့ ငြိမ်းချမ်းအောင်နေဖိုကြိုးစားကြည့်စေချင်ပါတယ်။ အကြောက်တရားတို၊ ခြိမ်းခြောက်တာတိုက တာရှည်မခံပါဘူး။ စေတနာထားတတ်မှုနဲ့ သူ့အကျိုး၊ ကိုယ့်အကျိုးရိုသေလေးစားမှုပြနိုင်ရင်ကို ငြိမ်းချမ်းပါတယ်။ ငြိမ်းချမ်းရေးတကယ်လိုချင်ရင်လည်း တစ်ဦးချင်းအကျိုးစီးပွားထက် အများရဲ့ အကျိုးစီးပွားကိုလည်း ငဲ့စောင်းကြည့်ပေးဖိုသာ အဓိကဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ခံစားချက်တွေဦးစားမပေးဘဲ ချစ်တတ်ဖို၊ ဂရုစိုက်ပေးဖို၊ ကရုဏာတရားနဲ့ စာနာပေးနိုင်ဖိုသာပါ။
သိုမှသာ အကြွေးဟောင်းလည်းဆပ်ပြီး၊ အကြွေးသစ်လည်းအတင်မခံရတဲ့အခြေအနေ ကောင်းတစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။ ။