ခန္ဓာကိုယ်ကို အားအင်ပြန်လည်ပြည့်ဝစေမယ့် အစားအစာများ

ရာသီဥတုပူပူမှာ လှုပ်ရှားသွားလာရများတဲ့အခါ ခန္ဓာကိုယ်အားအင်ကုန်ခမ်းလာတတ်ပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေပြန်လည်ဖြည့်တင်းပြီး ကျန်းမာကြံ့ခိုင်လာစေဖို့ အကောင်းဆုံးအစားအစာ (၅)မျိုးကို ဝေမျှပေးလိုက်ပါတယ်။ ပုံမှန်နေ့စဉ်စားနေကြအစားအစာတွေထဲကပဲ ဖြစ်လို့ လွယ်လွယ်ကူကူနဲ့ အဓိကထားပြီးပိုစားသုံးနိုင်တာပေါ့။

(၁) ကြက်သား
ကြက်သားကတော့ အဆီဓာတ်နည်းပြီး အသားဓာတ်အများကြီးပါဝင်တာကြောင့် ဆုံးရှုံးသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ ကြက်ပြုတ်ရည်၊ကြက်ပေါင်းတို့ကတော့ သူရဲ့အာဟာရတွေကို ပိုရရှိနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကြက်သားကင်၊ ကြက်သားသုတ်ကိုယ်နှစ်သက်သလို စားသုံးလို့ရပါတယ်။

(၂) ပဲအမျိုးမျိုး
ဈေးနှုန်းသက်သက်သာသာနဲ့ စွမ်းအင်တွေပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အစားအစာကတော့ ပဲဖြစ်ပါတယ်။ စားတော်ပဲ၊ပဲနီလေးနဲ့ ပဲပုတ်စေ့တို့လိုပဲတွေမှာ သံဓာတ်အများကြီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်စွမ်းအင်တွေကို ပြန်လည်မြှင့်တင်ပေးဖို့ လိုအပ်တဲ့အစားအစာတွေဖြစ်ပါတယ်။

(၃) ဥအမျိုးမျိုး
ဥတွေဟာလည်း ကယ်လိုရီနည်းပြီး အသားဓာတ်များတဲ့အစားအစာတွေဖြစ်တာကြောင့် အလွယ်တကူအဆာပြေအနေနဲ့ပါ စားသုံးပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တဲ့သူတွေအတွက် ကြက်ဥစားပေးခြင်းက ကြွက်သားတွေကိုကြံံ့ခိုင်တောင့်တင်းလာစေပြီး နှလုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေတာကြောင့် ဥအမျိုးမျိုးကိုလည်း စားသုံးပေးရမှာဖြစ်ပါတယ်။

(၄) သစ်ကြားသီး
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အဆီနဲ့ Omega 3 တွေပါဝင်နေတဲ့ သစ်ကြားသီးကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အားအင်တွေကို ဖြည့်တင်းပေးနိုင်တဲ့အစားအစာဖြစ်ပါတယ်။

(၅) Dark Chocolate
ထမင်းစားပြီးချိန် Dark Chocolate အနည်းငယ်ကို စားသုံးပေးခြင်းက စိတ်ဖိစီးမှုလျှော့ကျစေပြီး စွမ်းအင်တွေကိုပြန်လည်မြှင့်တင်ပေးပါတယ်။