ဇွန်လ ၂၁ ရက်နေ့ မတိုင်ခင် ဗန်ဒီဗန် အပြောင်းအရွှေ့ အဆုံးသတ်နိုင်ရေး အားထုတ်ဖွယ်ရှိတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေမှာ ခံစစ်မှူးပေါင်း များစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လို့ နယ်သာလန်သား ခံစစ်မှူး ဗန်ဒီဗန်နဲ့တော့ အတော်လေး မျှော်လင့်ခံလာရပါတယ်။

ဂျာမာန်လိဂ်မှာ ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးကို ခေါ်ယူနိုင်ရေး ကလော့ပ်နဲ့ အားကစားဒါရိုက်တာ ရှမတ်ကီတို့ ဆွေးနွေးထားကြတယ်လို့လည်း သတင်းတွေ ထွက်လာနေတာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ သတင်းတွေအတွက် ဗန်ဒီဗန်က “ ဝုဒ်ဘတ်မှာ ကျနော် အတော်လေး အဆင်ပြေပါတယ်။ ဝုဒ်ဘတ်မှာပဲ နောက်ထပ် တစ်ရာသီ ဆက်နေရလို့လဲ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် အသင်းပြောင်းခွင့် အခွင့်အရေးရမယ်ဆိုရင် ကျွန်တော်လိုချင်ပါတယ်။

အပြောင်းအရွှေ့ သတင်းတွေ အားလုံးကို ကျနော်လည်း ဖတ်မိပါတယ်။ အေးဂျင့်နဲ့လည်း ကောင်းမွန်တဲ့ ဆက်သွယ်မှု ရှိထားပါတယ်။ ဘာတွေဖြစ်နေတယ် ဆိုတာကို ကျနော် သိပါတယ်။ ဘယ်နေရာကို ပြောင်းနိုင်မလဲ စောင့်ကြည့်နေမှာပါ။

အပြောင်းအရွှေ့ ဖြစ်ခဲ့မယ်ဆိုရင် သိပ်ကောင်းပါမယ်။ ပရီးမီးယားလိဂ်ထံ ပြောင်းနိုင်တာလဲ ဖြစ်ရင် ဖြစ်လာနိုင်ပါတယ်။ ဘယ်သူမှ သေချာမသိနိုင်ဘူး မဟုတ်လား?” လို့ ဖြေဆိုလာခဲ့ပါတယ်။

နယ်သာလန် ယူ-၂၁ အသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် ဗန်ဒီဗန်ရဲ့ ခြေစွမ်းကို ဇွန်လ ၂၁ ရက်နေ့ကနေ စပြီး မြင်တွေ့ရမှာပါ။ လီဗာပူးအသင်းဟာ ပြိုင်ပွဲ မစတင်ခင် အပြောင်းအရွှေ့ ကိစ္စ အပြီးသတ်အောင် စကားပြောနိုင်ပါတယ်။

ဘယ်ခြမ်း အစွန်လူအပြင် ဗဟိုခံစစ်မှူးနေရာမှာပါ ကစားတဲ့ ဗန်ဒီဗန်အတွက် လီဗာပူးဘက်က အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း ပေးရမယ်လို့လည်း မျှော်လင့်ထားရတာ ဖြစ်ပါတယ်။

CRD;