Sedona Hotel ကို Keppel ကော်ပိုရေးရှင်းက စင်ကာပူလုပ်ငန်းစုထံ အပြီးသတ်ရောင်းချ

ရန်ကုန်မြို့ရဲ့ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ Sedona Hotel ကိုKeppel ကော်ပိုရေးရှင်းက စင်ကာပူလုပ်ငန်းစု ထံ အပြီးသတ်ရောင်းချပြီးကြောင်း အောက်တိုဘာ၁၆ရက်က Keppel Land ကနေသတင်းထုတ်ပြန်လိုက်ပါတယ်။

Sedona Hotel ကို ကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်း (စင်ကာပူဒေါ်လာ ၇၅ ဒသမ ၆ သန်း)ဖြင့် အပြီးသတ်ရောင်းချခြင်းဖြစ်ရာစင်္ကာပူအခြေစိုက်Keppel ကော်ပိုရေးရှင်းအနေနဲ့ စင်ကာပူလုပ်ငန်းစုဖြစ်တဲ့ Spring Blossom Ventures ထံ အပြီးသတ်ရောင်းချခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ဟိုတယ်ကို ဝယ်ယူလိုက်ပြီဖြစ်တဲ့ Spring Blossom Ventures အနေနဲ့လည်း ကဏ္ဍစုံရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများကို အဓိကလုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းစုဖြစ်လို့ ပြည်တွင်းမှာပဲဟိုတယ်လုပ်ငန်းအား ဆက်လက်လုပ်ကိုင်ရန်ရည်ရွယ်ထားကြောင်း sedona ဟိုတယ်အပြီးသတ်ရောင်းချတဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Sedona Hotel ရောင်းချမှုမှာ မူလပိုင်ရှင်ရှိကြောင်းသတင်းစာများအတွင်းထည့်သွင်းကြေညာကန့်ကွက်မှုတွေလည်းရှိခဲ့ပေမယ့် လက်ရှိမှာတော့ လတ်တလောဟိုတယ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ စင်္ကာပူအခြေစိုက် Keppel ကော်ပိုရေးရှင်းက နေ နောက်ထပ် စင်္ကာပူလုပ်ငန်းစုဖြစ်တဲ့ Spring Blossom Ventures ထံ အပြီးသတ်လွဲပြောင်းရောင်းချပြီးကြောင်းအသိပေးထုတ်ပြန်တာလည်းဖြစ်ပါတယ်။

ဒေသတွင်းသတင်းများရဲ့ဖော်ပြချက်တွေအရတော့ ဆီဒိုးနားဟိုတယ် ရဲ့မြေအမည်ပေါက်ပိုင်ဆိုင်သူဟာ ယင်းဟိုတယ်မြေနေရာအပါအဝင် မြေဧက ၂၇ဧကကျော်ပြန်ရဖို့ခေတ်အဆက်ဆက်ဖြေရှင်းမှုတွေရှိနေခဲ့တယ်လို့သိရပါတယ်။

Sedona Hotel ကို ၁၉၉၃ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့တည်ဆောက်ခဲ့ပြီး ၁၉၉၆ခုနှစ်မှာ နိုင်ငံတကာ အဆင့် ဟိုတယ်တစ်ခုအဖြစ်ဖွင့်လှစ်ဝန်ဆောင်မှုတွေပေးခဲ့တာဖြစ်ကာ ၂၀၁၅ခုနှစ်မှာတော့ အခန်းအရေအတွက် ၈၀၀နီးပါးတိုးမြှင့်တည်းခိုနိုင်မည့်အဆောက်အဦးသစ်ကိုထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့တယ်လို့သိရှိရပါတယ်။