မြန်မာ့သတ္တုတွင်းထွက်ပစ္စည်း ကန်ဒေါ်လာ သန်း ၁၅၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့

အခုဘဏ္ဍာနှစ် အောက်တိုဘာလ ပထမပတ်အထိ ၆ လကျော်ကာလအတွင်း ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှု တန်ဖိုး ကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါကာလအတွင်း ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုအနေနဲ့ နိုင်ငံပိုင်တင်ပို့မှုမှ ကန်ဒေါ်လာ ၂၂ ဒသမ ၄၇ သန်းနဲ့ ပုဂ္ဂလိက တင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၃ ဒသမ ၂၁၁ သန်း စုစုပေါင်းတင်ပို့မှု ကန်ဒေါ်လာ ၁၅၅ ဒသမ ၆၈၁ သန်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလတူကတော့ သတ္တုတွင်းထွက်ပစ္စည်း ကန်ဒေါ်လာ ၁၇၆ ဒသမ ၉၆၉ သန်းဖိုး ပြည်ပ တင်ပို့ထားပါတယ်။

သတ္တုတွင်းထွက်တင်ပို့မှုအနေနဲ့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ ကျောက်မီးသွေးနဲ့ တခြားသတ္တုတွင်းထွက်ပစ္စည်း အမျိုးမျိုးကို တင်ပို့နေတာဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ် ပထမ ၆ လပတ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံကျော်ရှိခဲ့ပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်း စတဲ့ ပို့ကုန်ပစ္စည်းတွေ တင်ပို့ထားပါတယ်။