NTDF အကြမ်းဖက်အဖွဲ့မှ စောလင်းရွှေ၏ တူတော်စပ်သူ အကြမ်းဖက်သမားကို မြို့လှမြို့အနီး၌ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ငှက်ပျောတောကျေးရွာတံတားထိပ်၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့မှ သတင်းအရ စစ်ဆေးမှုများပြုလုပ်စဥ် သာဂရကျေးရွာဘက်မှ တံတားဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို စစ်ဆေးရှာဖွေခဲ့ရာ အကြမ်းဖက်သမားတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့သတင်းအရ သိရသည်။

ဖမ်းဆီးရရှိသူမှာ သံတောင်မြောက်ပိုင်းခွဲထွက် (NTDF) အကြမ်းဖက်အဖွဲ့မှ စောလင်းရွှေ (ခ) စောခွားဒို၏ တူတော်စပ်သူ စိုးနိုင်ဦး (ခ) အိုက်ဒွက် (၃၃)နှစ် ဆိုသူဖြစ်ပြီး ၎င်းထံမှ လက်လုပ် လေထိုးသေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆေးဖြန်းပိုက် ၄ ချောင်း၊ လေထိုးတံ ၄ ချောင်း၊ ပိုက်ပျော့အကြည် ၉ ပေ၊ ကျည်အဖြစ်အသုံးပြုသည့် ဘောစေ့ ၁၄ ​ဗူးနှင့် ကော်ဗူးများကိုပါ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

၎င်းအကြမ်းဖက်သမားသည် လိပ်သို့မြို့နယ်၊ ရွက်စည်ပိုင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အဆိုပါ ရွက်စည်ပိုင်းကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာလျှင် သတင်းပေးပို့ရန် တာဝန်ပေးအပ်ခြင်းခံထားရသူဖြစ်ကြောင်း သိရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ထပ်မံပြုလုပ်လျှက်ရှိကြောင်း သိရသည်။