Arab Club Champion Cup ဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့ Al Nassr

   ယမန်နေ့ည (၉:၃၀) မှာတော့ Arab Club Champions Cup ဖိုင်နယ်ပွဲအဖြစ် Al Hilal အသင်းနဲ့ Al Nassr အသင်းတို့ယှဥ်ပြိုင်ကစားခဲ့ကြပါတယ် ။ ဒီနေ့ပွဲစဥ်မှာ Al Nassr အသင်းဟာပြိုင်ဘက်အသင်းကိုဦးဆောင်ဂိုးအရင်ခွင့်ပြုပေးခဲ့ရသလို ပွဲချိန် (၇၁) မိနစ်မှာလည်းအနီကဒ်ပြသခံရမှုကြောင့် တစ်ယောက်လျော့အနေအထားနဲ့ပြိုင်ဘက်ကိုယှဥ်ပြိုင်ကစားခဲ့ရပါတယ် ။ သို့ပေမယ့်လည်းအသင်းခေါင်းဆောင်ရော်နယ်ဒိုမှ (၇၄) မိနစ်အရောက်မှာခြေပဂိုးပြန်လည်သွင်းယူပေးခဲ့တဲ့အတွက်အချိန်ပိုဆက်ကစားခဲ့ရပါတယ် ။

  အချိန်ပိုမှာလည်း Al Nassr အသင်းအတွက်တောက်လျှောက်ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုဟာအသင်းအတွက်ချန်ပီယံဆုကိုရရှိစေမယ့်အနိုင်ဂိုးကို (၉၈) မိနစ်မှာသွင်းယူပေးခဲ့ပါတယ် ။ ဒီသွင်းဂိုးကြောင့် Al Nassr အသင်းဟာတစ်ယောက်လျော့နဲ့ယှဥ်ပြိုင်ကစားခဲ့ရပေမယ့် Al Hilal အသင်းကို (၂-၁) နဲ့အနိုင်ရရှိကာ Arab Club Champion Cup ဖလားကိုအသင်းသမိုင်းတစ်ယောက် ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။

  ဒါ့အပြင်ဒီနေ့ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ရော်နယ်ဒိုကတော့ Arab Club Champions Cup ပြိုင်ပွဲမှာ (၅) ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သလို ယခုပြိုင်ပွဲရဲ့ဂိုးသွင်းဘုရင်ဆုကိုလည်းသွင်းဂိုး (၆) ဂိုးနဲ့ရရှိခဲ့တယ် ။ ရော်နယ်ဒိုဟာ ဒီနေ့ပွဲမှာအနိုင်ဂိုး (၂) ဂိုးစလုံးကိုသွင်းယူနိုင်ခဲ့တဲ့အတွက် ဗိုလ်လုပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ် ။ အချိန်တွေကာလတွေ ၊ အသက်အရွယ်တွေသာပြောင်းလဲသွားပေမယ့် ရော်နယ်ဒိုကတော့ရော်နယ်ဒိုအဖြစ်ဆက်ရှိနေဆဲဆိုတာကိုပါ ဒီနေ့ပွဲမှာဘောလုံးကမ္ဘာ့ကြီးကိုပြသသွားခဲ့ပါတယ် ။