သင်္ကြန်ပိတောက်နှင့်ကျန်းမာရေး

သင်္ကြန်ပိတောက်နှင့်ကျန်းမာရေး

အတာကူးသည့်တန်ခူးလတွင် ရွှေဝါရောင်ပန်း ပိတောက်များနှင့်အတူ မြန်မာနှစ်သစ်ကူးရိုးရာ ရေသဘင်ပွဲကို ဆင်နွှဲလာခဲ့ကြ သည်မှာ လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာကတည်းကဖြစ်သည်။ သင်္ကြန်သမိုင်းကြောင်းကို လေ့လာကြည့်ရာတွင် မြတ်ဗုဒ္ဓ၏ အနွယ်တော်များဖြစ်သော သကျသာကီဝင်တို့သည်နွေရာသီရောက်လျှင် ဟိမဝန္တာတောင်ခြေရှိ လှပသော ဒေဝဒဟရေကန်ကြီး အနီး၌ မဏ္ဍပ်ကနားများဆောက်လုပ်၍ ရေကစားသဘင်ကို ပျော်ရွှင်စွာပြုလုပ်ကြသည်။ ထို့ကြောင့် သင်္ကြန်ရေသဘင်အစ   မြတ်ဗုဒ္ဓ အနွယ်ကဟု ဆိုရခြင်းဖြစ်ပေသည်။

တန်ခူးလသည် မြန်မာတို့၏ နှစ်ဦးအစ လထူးလမြတ်ဖြစ်ကာ ဂုဏ်ယူဖွယ်ရာ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်း ဖြစ်သည်။  တစ်နည်းဆိုရသော် နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရေဖြင့်အေးမြစေသည် သို့မဟုတ် နှစ်ဟောင်းမှအညစ်အကြေးများကို  သင်္ကြန်ရေဖြင့်ဆေးကြောကာ သစ်လွင်တောက်ပသန့်စင်လာစေသည်ဟု မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးက မိရိုးဖလာအရ လက်ခံထားကြသည်။ ထို့ကြောင့် သင်္ကြန်ရေထိလျှင် တစ်နှစ်ပတ်လုံး ကျန်းမာစေသည်ဟူသော ယုံကြည်ချက်ဖြင့်   အရွယ်သုံးပါး မရွေး   သင်္ကြန်ရေစိုခံကြသည်။

ပိတောက်အကြောင်းသိမှတ်ဖွယ်

တန်ခူးလသင်္ကြန်ပွဲတော်အခါသမယတွင် ပိတောက် ပန်းနှင့်အတူ ကံ့ကော်ပန်း၊ ရင်ခတ်ပန်း၊ စွယ်တော်ပန်း၊ ငုပန်းတို့ အလှချင်း ဆိုင်လျက် အပြိုင်ပွင့်ကြသည်။ ရှေးပညာရှိအကျော်အမော်တို့က မြန်မာတို့၏ ဆယ့်နှစ်လရာသီပန်းများတွင် ကံ့ကော်ပန်းကို တန်ခူးလရာသီ ပန်းအဖြစ် သတ်မှတ်ထားသည်ဆိုသော်လည်း သင်္ကြန် နှင့်ပိတောက်၊  ပိတောက်နှင့်သင်္ကြန်က ခွဲ၍မရပေ။

သင်္ကြန်မိုးပြေးရွာသည်နှင့် ပိတောက်ပန်းများ ပင်လုံး ကျွတ်ဖူးပွင့်လာကြသည်။ တစ်နှစ်တွင် တစ်လ၊ ယင်း တစ်လတွင်လည်း   မိုးစက်မိုးပြောက်ကျသည့်အချိန်မှသာ ပန်းပိတောက်များ ဝေေ၀ဆာဆာပွင့်သည့်အတွက် မိုးကိုမျှော်သည်၊ ပိတောက်ကိုမျှော်သည်၊  ထို့အတူ သင်္ကြန်ကိုမျှော်ကြရသည်။

ပိတောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြသည့် မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် တို့အပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့၌လည်း တွေ့ရသည်။ ဆယ့်နှစ်လရာသီ၌တန်ခူးလဟူသော မြန်မာနှစ်သစ်ကူးလတွင် ပန်းပိတောက်တို့ ဖူးပွင့်ကြသည်။  နှစ်စဉ် ဧပြီလ သို့မဟုတ်  မဟာသင်္ကြန်ကာလတွင်  ဖူးပွင့်ကြသည့်အတွက်   ပိတောက်သည် မြန်မာလူမျိုးတို့၏    နှစ်သစ်ကူး အထိမ်းအမှတ်ဖြစ်သည်။ 

မြန်မာလူမျိုးတို့သည် ပိတောက်ပန်းကို ဗုဒ္ဓဘုရား ရှင်အား ကပ်လှူခြင်း၊ အလှပန်းအိုးထိုးခြင်း၊ မြတ်မြတ် နိုးနိုးပန်ဆင်ခြင်းတို့ ပြုလုပ်ကြသည်။ ခေတ်အဆက် ဆက် ပိတောက်ပန်းနှင့်ပတ်သက်သော ပန်းချီ၊ ကဗျာ၊ သီချင်း၊ ဆောင်းပါး၊ ဝတ္ထုဇာတ်လမ်း၊ ရုပ်ရှင် စသည်ဖြင့် အများအပြားရှိသည်။

အိမ်နီးချင်းထိုင်းနိုင်ငံ၌လည်း ဧပြီလတွင် Songkran  သင်္ကြန်ရေကစားကြသကဲ့သို့  ပိတောက်ပန်းများဖြင့် အလှဆင်ကြသည်။ ဗီယက်နမ် နိုင်ငံသားများ ကလည်း   ပိတောက်ပန်းကို   အထူးနှစ်သက်ကြပြီး ၎င်းတို့ဘာသာစကားအရ ပိတောက်ကို dánghương  ဟု ခေါ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ပိတောက် ပွင့်သော အရှေ့တောင်အာရှနိုင်ငံများအနက် ပိတောက်ပန်းသည်  မြန်မာတို့ အတွက် National Flower ဟု တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဆို ကြခြင်းမှာ စိုးစဉ်းမျှ ယုံမှား သံသယဖြစ်ဖွယ်မရှိပေ။

ဘက်စုံသုံးနိုင်သောပိတောက်ပင်

ပိတောက်ပင်သည် ယေဘုယျအားဖြင့် အလယ် အလတ်အမျိုးအစား အပင်မျိုးဖြစ်သည်။ ၁၀ – ၃၀ မီတာအထိ ရှည်လျားတတ်ပြီး အချင်း ၁ ဒသမ ၇ မီတာခန့်အထိရှိသည်။ ခြောက်သွေ့ရာသီတွင် ပေါက် ရောက်သောအမျိုးအစားဖြစ်သည်။  အပင်အပြင်ခွံ သည် အညိုရောင်ဖြစ်ပြီး   ပွရောင်းသည်။  အတွင်း သားသည် အရောင်အမျိုးမျိုးရှိကာ ရွှေဝါရောင်ဖျော့ ဖျော့မှ နီညိုရောင်အထိ ရှိတတ် သည်။   များသော အားဖြင့် ရွှေဝါညိုရောင်ကိုတွေ့ရသည်။  ပိတောက် သားကို တိုင်များ၊ အိမ်ပျဉ်၊ ဗီရို၊ လမ်းမီးတိုင်များ၊  လှည်းဘီးနှင့်  လှည်းလက်ရန်းတိုင်များ၊   တခြားပရိဘောဂ အမျိုးမျိုးနှင့် တူရိယာပစ္စည်းတို့တွင် အသုံးပြုကြသည်။ ထို့ကြောင့် ပိတောက်သားသည် တန်ဖိုးကြီး လှပေသည်။

ပိတောက်ပွင့်များသည် အဝါရောင်ရှိသည်။ အရွက်ရှိ ဆစ်တံများသည် ၅-၉ စင်တီမီတာရှည်လျားကြသည်။ ပိတောက်သီးသည် အစေ့ဆန်နှစ်ခု သို့မဟုတ် သုံးခုခန့် ပါရှိတတ်ပြီး အတောင့်သဏ္ဌာန်ရှိသည်။  ၎င်းကို ၄ ဒသမ ၅ မှ ၇ စင်တီမီတာခန့်ရှိ  အတောင်ပံ ကဲ့သို့ သော အမွေးပါးလေးများဖြင့် ဝန်းရံထားသည်။ ၎င်းင်း အသီး၊ အစေ့များသည် လေတိုက်ရာအရပ်သို့ လွင့်မျော ကြရာမှတစ်ဆင့်   ပိတောက်ပင်အသစ်တို့ ပွားများပေါက်ကြသည်။

သင်္ကြန်ပိတောက်ပင်နှင့်ကျန်းမာရေး

ပိတောက်ပန်းဟု မြင်လိုက်ရသည်နှင့် သိင်္ဂါရရသ ကိုခံစားရသည့်အတွက် တဒင်္ဂအတွင်းမှာပင် စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေပါ သည်။

• လတ်ဆတ်သောပိတောက်ပွင့်၏ မွှေးမြမြရနံ့က စိတ်နှလုံးကို လန်းဆန်းမှုဖြစ်ပေါ်စေသည်။

• ပိတောက်ပန်းနွမ်းသွားချိန်    စိမ်းရွှေရွှေအနံ့က   အသက်ရှူလမ်းကြောင်းကျန်းမာရေးကို အထောက်အပံ့ဖြစ်စေသည်။

• ဦးရေပြားဗောက်ထခြင်း၊ ကိုယ်ရေပြားယားယံခြင်းတို့အတွက် ပိတောက်ရွက်ပြုတ်ရည်ဖြင့် ခေါင်းလျှော်၊ ရေချိုးပေးခြင်းဖြင့်   ရောဂါများ   သက်သာပျောက်ကင်းစေသည်။

•  အပင်ကထွက်သောအစေးကို ပါးစပ်အတွင်းဖြစ်သော ရောဂါများ ပျောက်ကင်းစေရန်အတွက်ရှေးလူကြီးများက အသုံးပြုကြသည်။

• အမြစ်သည် တိုင်းရင်းဆေးဖက်ဝင်သည်။ ပိတောက်ပန်းက သလိပ်အားကြီးသော အနာ၊ ဝမ်းသွားသော အနာ၊ လေတိုက်၍   နှလုံးဆို့   တောင့်သော အနာ၊   ခပ်သိမ်းသောအဖျားနာတို့ကိုနိုင်၏ဟု မြန်မာ့ဆေးကျမ်းတွင် ဆိုထားသည်။

ပိတောက်ပန်းသည်  နှစ်သစ်၏ဂုဏ်ကို  ဆောင်သည်။  မြန်မာနိုင်ငံ၏  ကျက်သရေကိုဆောင်သည့်  ပြယုဂ်တစ်ခုဖြစ်သည်။ သို့သော် ယခုအခါ မြို့နယ်အများစုတွင် ပိတောက်ပင်နည်းပါးလာသည့်အတွက် လက်တစ်ကမ်းတွင်  မရနိုင်၊  မမြင်နိုင်ဖြစ်ရသည်။ ဘိုးဘွားတို့ လက်ထက်က အိမ်ရှေ့ သို့မဟုတ် အိမ် ပတ်လည်တွင် ပိတောက်ပင်စိုက်ပျိုးထားကြသော်လည်း ခေတ်ကာလရွေ့လျား လာသည့် အလျောက်လျှပ်စစ်ဓာတ်တိုင် မီးကြိုးများမလွတ်ခြင်း၊ လမ်းချဲ့ခြင်း  စသည်တို့ကြောင့်လည်းကောင်း၊  တခြားအကြောင်း အမျိုးမျိုးတို့ ကြောင့်လည်းကောင်း ပိတောက်ပင်များရှားပါးနေပြီဖြစ်သည်။

နောင်လာမည့်မျိုးဆက်သစ်လူငယ်များအား မြန်မာ့ တော်ဝင်ပန်းရွှေဝါပိတောက်တို့ကို လက်ညှိုးထိုးမလွဲ မြင်စေချင်စမ်းလှပါသည်။

အချုပ်အားဖြင့်ဆိုရသော် ပိတောက်ပင်မျိုးမသုဉ်း စေရေးအတွက် ရေရှည်တည်တံ့နိုင်စေရန်အလို့ငှာ ကျယ်ဝန်းသောပန်းခြံ၊ မြို့ရွာလမ်းဘေးတစ်လျှောက်၊ ဘုန်းကြီးကျောင်း၊ ဘုရားစေတီတစ်ဝိုက်၊ စာသင်ကျောင်း စသည့်နေရာများ၌ အရိပ်ရ ပိတောက်ပင် များကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။             

ပေါက်ပေါက်