သစ္စာဆိုထား​သော သူရဲ​ကောင်းဝိညာဥ်များနှင့် ​တွေ့ဆုံခြင်း(၁)

(၁)

   ​ပေါင်း​လောင်း​တောင်တန်းကြီးကို အ​ဝေးက လှမ်းကြည့်​တော့ စိမ်းဖန့်ဖန့်နှင့် မှိုင်းညို​နေ သည်။ ထို​တောင်တန်း၏ တစ်​နေရာ ပင်လယ်​ရေမျက်နှာပြင်အထက် ၃၆၁၅​ပေအမြင့်တွင် ကျိုက်ထီးရိုး​စေတီ​တော်ကြီး သပ္ပယ်စွာ ကိန်းဝပ်​နေ​တော်မူသည်။ ဆံ​တော်ရှင် ကျိုက်ထီးရိုး​စေတီ​တော်ကြီးကို စိတ်မှရည်မှန်းကာ လက်အုပ်ချီ ဦးချကန်​တော့ ​နေမိသည်။

   ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး​တောင်​ခြေ ကင်မွန်းစခန်းသို့ မ​ရောက်မီ ကားလမ်း​ဘေး၌ တည်ရှိ​နေ​သော ​​ခြေမြန်တပ်ရင်းတစ်ရင်း။ အမှတ်(၂)​ခြေမြန်တပ်ရင်းဟု အမည်ရပါ၏။

   သီဟိုပင်ကြီးများ ခပ်စိပ်စိပ် ​ပေါက်​ရောက်​နေ​သော တပ်ရင်းဧရိယာမှာ အရိပ်အာဝါသ ​ကောင်းလှ၏။ ဘုရားဖူး ယာဥ်ကြီး ယာဥ်ငယ်များကလည်း ​နေ့ည တပ်​ဘေးက ​မောင်းနှင်​နေကြသည်။ ဘုရားအရိပ်နှင့် ​အေးချမ်းခဲ့ သည်က​တော့ အမှန်ပင်ဖြစ်သည်။

   ထိုတပ်ရင်းသည် အမှတ်(၄၄)​ခြေမြန်တပ်မဌာနချုပ် လက်​အောက်ခံ တပ်ရင်း၁၀ရင်းတွင် ပါဝင်​လေသည်။ တိုက်ရည်ခိုက်ရည်  ပြည့်ဝ​သော စွမ်းရည်ဘွဲ့များစွာရရှိထားသည့် စစ်သားများ ပါဝင်ဖွဲ့စည်းကာ ရန်သူ၏ စခန်းသိမ်း တိုက်ပွဲ​ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြ​သော သမိုင်းပြရုပ် ​တွေက လည်း ထိုတပ်တွင် ရှိ​နေခဲ့ပြန်သည်။

   စစ်​သွေး​တွေကြွ​နေ​သော ထိုတပ်ကို ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) ရာထူး အဆင့်ဖြင့် ဗိုလ်မှူး​နေဝင်း ​ပြောင်း​ရွှေ့​ရောက်ရှိလာရသည်။ ယာယီ တပ်ခွဲမှူး(ဗိုလ်မှူး)ကာလအတွင်း စစ်ဆင်​ရေးများတွင် ​​တောက်​လျောက်ပါဝင် ဆင်နွှဲခဲ့စဥ်က ​ပျော်စရာ​ကောင်းသ​လောက် ရင်ခုန်လှုပ်ရှားစရာများလည်း ရှိခဲ့​လေသည်။ စစ်​မြေပြင်​ပျော် စစ်တိုက်​တော်​သော စစ်သားအချင်းချင်း တွဲလက်ညီခဲ့ပုံများ ​ပြောစမှတ်ပင် ဖြစ်ကျန်ခဲ့သည်။

   ဗိုလ်မှူးအဆင့် တိုးမြှင့်ခံရပြီး ​နောက်ပိုင်းမှာ​တော့ ဌာနချုပ်တပ်ခွဲမှူးဆို​သော တာဝန်ကို တပ်ရင်းမှူး၏ တာဝန်​ပေးချက်အရ ထမ်း​ဆောင်ရပြန် သည်။ ရှင်းရှင်း​ပြောရလျင် ​နောက်တန်းမှာ မ​နေချင်။ စစ်ပွဲများတွင် မပါဝင် ရ​တော့မည်ကိုပင် လိပ်ပြာမလုံသလို ခံစား​နေမိသည်။ တိုက်ဖော်တိုက်ဖက် စစ်သည်​တွေနှင့် လုံး​ထွေးကာ ​ရှေ့တန်းမှာ​ပျော်ခဲ့ရသည်များက အ​သွေးထဲ အသားထဲမှာ ရှိ​နေပြီးအ​တွေးထဲလည်း ခဏ ခဏဝင်လာသည်။

   သို့​သော် ကျရာတာဝန် ဆိုပြန်​တော့ ငြင်းမရ။ ​နောက်တန်းအလုပ်က သူ့အတွက် ပိုပင်ပန်း ​နေသည်ဟု ထင်မိသည်။ ​ရှေ့တန်းထွက်သွား​သော တပ်ရင်းအတွက် လိုအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ ဟာကွက်မရှိ ဖြည့်ဆည်း ပံ့ပိုး​ပေးနိုင်​အောင် စီမံ​ပေးနိုင်တာကိုပဲ လုပ်​ဖော် ကိုင်ဖက်​တွေ အတွက် တာဝန်​ကျေသည်ဟု ​တွေးထင်​နေမိသည်။

(၂)

   ၁၉၉၅ခုနှစ် ကာလအတွင်း။

   ​ကေအင်ယူ ​သောင်းကျန်းသူများ၏ ဝမ်ခသစ်စခန်းအား တိုက်ခိုက်​နေချိန်။

   တပ်ရင်းဌာနချုပ်အတွင်း တိတ်ဆိတ်​နေသည်။ အိမ်​ထောင်သည် လိုင်းခန်းများအတွင်း ပုံမှန်​ပြေးလွှား ​ဆော့ကစား​နေကြ​သော က​လေးများ၏ အသံပင်မကြားရ။ ဒီလိုအဖြစ်မျိုးကို ကြုံ​တွေ့ဖူးကြ​ပေမဲ့ မဖြစ်ပါ​စေနဲ့ဟု အမြဲဆု​တောင်း​နေကြ။ ​သေမင်းခံတွင်းဝကို ရင်ဆိုင်တိုး​နေကြ သူများအဖို့ အမြဲတမ်း​တော့ အသာစီး မရနိုင်ဆိုတာ သိသိကြီးနှင့်။ လိုင်းခန်းများဆီမှ တသိမ့် သိမ့် ရှိုက်ငင်ငို​ကြွေး​နေသည့် ​အသံများက ​လေသင့်ချိန် ပျံ့လွင့်လာ ခဲ့ကြသည်။

   ​ရှေ့တန်းမှ ​ရောက်ရှိလာသည့် ​ကြေးနန်းသတင်းက အမင်္ဂလာသတင်းဆိုး။ မကြားချင်ကြသော မဖြစ်​စေချင်ကြ​သော သတင်းများ။

   ဝမ်ခသစ်စခန်းကို မသိမ်းပိုက်နိုင်​သေးချိန် ကျဆုံး ဒဏ်ရာရများ ရှိ​နေသည်။ ဒီတစ်ခါ ​ပေးဆပ်လိုက်ရမှုက တန်ဖိုးကြီးသည်။ ဆို့နင့်​နေသည့်ကြားက ​ပေးဆပ်ရမှု မတန်မှန်းလည်း သိ​နေသည်။

   ဌာနချုပ်တပ်ခွဲမှူးများကိုယ်တိုင် ဖားအံသို့ လိုက်သွားရန် တပ်မက ညွှန်ကြားသဖြင့် ဖားအံစစ်​ဆေးရုံကို ဗိုလ်မှူး​နေဝင်း ​ရောက်ခဲ့သည်။ ဗိုလ်ကြီးမျိုးညွန့် အပါအဝင် အရာရှိ၁​ယောက်အခြား အဆင့်၁၆​ယောက် ကျဆုံးပြီး ၆၂​ယောက်ဒဏ်ရာရ​သော တိုက်ပွဲရလာဒ် ​အ​ဖြေက ရင်နင့်စရာ။

ဒါ​တောင် ရှပ်မှန်ပြီး မစိုးရိမ်ရသည့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဝင်းစိုးက ​ရှေ့တန်းမှာ တိုက်ပွဲကို ဆက်လက်ကွပ်ကဲ​နေ​သေးလို့။ အားကိုးစရာ ဒုတပ်ရင်းမှူး ဗိုလ်မှူးညီညီ ရှိ​နေ​သေးသည်ကလည်း စစ်သည်များအတွက် အားတက်စရာ။ ဒဏ်ရာရ လူနာများတွင် ​ဆေးလက်​ထောက်အရာခံဗိုလ် ထွန်းသန်း​မောင်ပင် ပါ​နေမှ​တော့ စစ်​ကြောင်းကွပ်ကဲမှု ဌာနချုပ်များပါ တိုက်ပွဲ​ရှေ့ ​ရောက်နေရသည့် သ​ဘော​တွေ့ရသည်။

   ကျဆုံး ဒဏ်ရာရ စစ်သည်များ၏ ဒဏ်ရာရရှိမှု အ​ခြေအ​နေ ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အ မည်၊ ဒဏ်ရာရသည့်​နေရာ အ​သေးစိတ် အချက်အလက်များ ​ရေးမှတ်ခြင်း၊ မြှုပ်နှံခဲ့သည့် ​မြေပုံ ညွှန်းများယူခြင်း၊ ​ဆေးရုံတက် လူနာများကို ​ထောက်ပံ့ခြင်း၊ စိုးရိမ်ရသူများအတွက် လူနာ​စောင့် များ စီစဥ်​ပေးခြင်းများ ပြုလုပ်​ပေးပြီး စိတ်​မောလူ​မောဖြင့် ကျိုက်ထို ကို ပြန်ခဲ့ရသည်။ ကိုယ်တိုင်သာ ဝင်ပြီးတိုက်လိုက်ချင်​နေမိသည့် စိတ်အဟုန် က ထိန်းမရ။

×××××

(၃)

   ကျဆုံးစစ်သည် ၁၇ဦးတွင် အိမ်​ထောင်သည်၈ဦးနှင့် လူပျို၉ဦးပါသည်။ အ​မွေခံလိပ်စာများ အတိုင်း အ​ကြောင်းကြားလိုက်လို့ ၃ရက်အတွင်းမှာ ကျဆုံးစစ်သည် မိသားစုများ တပ်ရင်းဌာန ချုပ်ကို ​ရောက်လာကြသည်။

   ဗိုလ်ကြီးမျိုးညွန့်ဇနီး မစန်းစန်း​မော်မှာ ကိုယ်ဝန် ​နေ့​စေ့လ​စေ့ကြီးနှင့်ဖြစ်ပြီး ဗိုလ်ကြီးမျိုးညွန့်၏ အစ်မအရင်းနှင့် ​ယောက်ဖဖြစ်သူ မင်္ဂလာဒုံ စစ်​ဆေးရုံကြီးမှ ​ဆေးလက်​ထောက် အရာခံဗိုလ်လည်း ​ရောက်​နေကြသည်။

   ငိုသံ​တွေက ​နေရာအနှံ့။

   သူတို့ကို ဘယ်လိုနှစ်သိမ့်ပြီး ဘာလုပ်​ပေးရမလဲ ဆိုတာပဲ စဥ်းစား​နေမိ သည်။ တပ်ရင်းမှူး ဇနီးလည်း အပူရုပ်ကို မ​ပေါ်လွင်ရ​အောင် ဟန်​ဆောင် ထိန်း​နေရရှာသည်။ ခင်ပွန်းဖြစ်သူ တပ်ရင်းမှူးလည်း ဒဏ်ရာရ၊ တပ်ရင်းမှူး ၏ အကူရဲ​ဘော်ပင် တိုက်ပွဲကျဆုံးသွား​တော့လည်း ဝမ်းနည်းပူ​ဆွေး ​နေမည် မှာ မဆန်း​ပေ။ တပ်၏ဦး​ဆောင်ဦးရွက် အကြီးအကဲ တစ်​ယောက်ကစပြီး အပူရုပ်ကို လူ​ရှေ့ထုတ်ပြ​ ​နေလို့က မဖြစ်နိုင်မှန်း သိပြီး ကျဆုံးစစ်သည် မိသားစုများ​ရှေ့တွင် အစွမ်းကုန် ကူညီ​ဆောင်ရွက်​ပေးဖို့ အသင့်ရှိ​နေသည်။

   " ဗိုလ်မှူး... ကျိုက်​ပေါ​လော မှဲ့ရှင်​တော်ဘုရားက ​ညောင်ပင်ကြီးမှာ ​သေဆုံးသူ​တွေရဲ့ ဝိညာဥ်​တွေကို ​ခေါ်လို့ရတယ်တဲ့.. ​သေဆုံးသူ​တွေနဲ့ သူတို့ အမျိုး​တွေ လိုအပ်တာ ဖြည့်ဆည်း​ပေး လို့ရအာင် ကျွန်မတို့ သွားကြမယ်"

   ကြား​နေကြ စကားမျိုး မဟုတ်​တော့ ယုံရမလို မယုံရမလို။ ဒါမျိုးက ကြုံလည်း မကြုံ ဖူးဘူး​လေ။ တပ်ရင်းမှူးဇနီးမှာ ဘီးလင်း ​တောင်စွန်းဇာတိ ဖြစ်ပြီး ဦး​လေးနှင့် အ​ဒေါ်များက ကျိုက်ထိုတွင် ​နေထိုင်ကြသည်ဖြစ်လို့ ကျိုက်ထိုနယ် ဓ​လေ့စရိုက် အ​​ခြေအ​​နေများကို သိ​နေသူ ဖြစ်သည်။ အငိုတိတ်​စေလို​ပေမဲ့ ပိုပြီး ငိုသံ​တွေ မကျယ်လာ​အောင်လည်း ဆု​တောင်း​​နေရ​သေးသည်။

   " ဟုတ်ကဲ့... ကျွန်​တော်ဘာပြင်ဆင်လာရမလဲ အစ်မ"

   " သူ့အစီအစဥ်အတိုင်း ကျွန်မလုပ်သွားမယ်..ဗိုလ်မှူးက​တော့ ယူနီ​ဖောင်း ဝတ်လာခဲ့ပါ"

   ည​နေ၄နာရီ​လောက် သွားကြမည်ဖြစ်​ကြောင်း ​ပြောသဖြင့် နီဆန်း37 နှစ်စီး စီစဥ်ကာ လိုက်ပါမည့်သူများ အ​ကြောင်းကြား လိုအပ်သည်များ ပြင်ဆင်ရသည်။

   အချိန်နည်းနည်းရလို့ တပ်၏​တောင်ဘက်တွင်ရှိ​သော မရမ်း​တောင်​ကျောင်းကို ​ရောက်သွားသည်။ ဆရာ​တော်ကို ဖူး​မျှော်ပြီး အ​ခြေအ​နေကို ​ပြောပြလိုက်သည်။

   " ဒကာကြီး.. ကျိုက်​ပေါ​လောသာသွားလိုက်.. ဖြစ်ရပ်အမှန်​တွေ ​ပေါ်လာလိမ့်မယ်...ရဲ​ဘော်တွေဆို​တော့ တိုက်ပွဲကျ အစိမ်း​သေ ​သေတာ​ပေါ့ဗျာ.. နည်းနည်း​တော့ ထိန်းရမယ်​နော်"

   ဆရာ​တော် ​ပြောလိုက်မှ ပိုပြီး စိတ်ပူသွားမိသည်။ ဒီလိုအ​တွေ့အကြုံ ဆိုတာကလည်း တစ် ခါမှ မကြုံဖူး​တော့ အသစ်အဆန်းဆို စူးစမ်းချင်သည့် သဘာဝက လှုံ့​ဆော်​နေပြန်ပါပြီ။

×××××

(၄)

   နီဆန်းစစ်ယာဥ်ကြီး နှစ်စီး ကျိုက်​ပေါ​​လော မှဲ့ရှင်​တော်ဘုရား ပရိဝုဏ် အတွင်းသို့ ည​နေ ၄နာရီ ​ကျော်​ကျော်မှာ ​ရောက်ရှိလာကြသည်။ တပ်ရင်းမှူးဇနီး ဦး​ဆောင်ပြီးကျဆုံးစစ်သည်များ ၏ မိသားစုများ ငြိုးနွမ်း​သောမျက်နှာ ငိုထားကြ၍ အစ်တစ်တစ် ဖြစ်​နေ​သော မျက်လုံးများဖြင့် ဖြစ်နိုင် မဖြစ်နိုင် မ​ဝေခွဲအားဘဲ ဘုရား​စောင်းတန်းမှတဆင့် မှဲ့ရှင်​တော် ဘုရားရှိရာသို့ ဝင်လာကြသည်။

   ဥာဏ်​တော် ၃​ပေ၆လက်မရှိပြီး ပလ္လင်​ပေါ်တွင် စျာနမုဒြာဟန် ဖူး​မျှော် သူများကို တရား​ ​ဟောပြမည့်ပုံသွင်ဖြင့် ကြည်ညိုဖွယ် အဆင်းရှိ​နေ​သော သက်​တော်ထင်ရှား ဘုရားရှင်ကို စိတ် ​အေးချမ်းစွာ ရှိခိုးဦးခိုက်ကြသည်။

ဆက်ရန်...