ဂျပန်တွင်ကြက်၊ငှက်တုပ်ကွေးနှင့်တိရစ္ဆာန်အစာ ဈေးကြီးမှုကြောင့်ကြက်ဥဈေးတက်

ကြက်၊   ငှက်တုပ်ကွေးဖြစ်ပွားမှုနှင့် တိရစ္ဆာန်အစာဈေးနှုန်း ကြီးမြင့်မှုကြောင့် ဂျပန်နိုင်ငံတွင်ကြက်ဥဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ဂျပန်ဒေသတွင်းမီဒီယာတစ်ခုက  ဖော်ပြသည်။

နိုင်ငံအတွင်း၌ ကြက်ဥဈေးနှုန်းမြင့်တက်လာမှုကြောင့် နာမည်ကြီးစားသောက်ဆိုင်များတွင်ရောင်းချသည့် ဟင်းလျာဈေးနှုန်းများမှာလည်း မြင့်တက်လာခဲ့ကြောင်း Nikkei Asia သတင်းဌာနကဖော်ပြသည်။မြို့တော် တိုကျို၌ ကြက်ဥဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ကီလိုလျှင် ၃၃၅ ယန်း (ဒေါ်လာ ၂ ဒသမ ၄၉) အထိ မြင့်တက်လာပြီး  ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်က  ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၈၁ ရာခိုင်နှုန်း မြင့်တက်လာသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်နှောင်းပိုင်း၌ ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ပြီးကြက်စာဈေးနှုန်း  မြင့်တက်လာမှုကြောင့် မွေးမြူရေးသမားများက ဥစားကြက်အရေအတွက်ကို လျှော့ချရာမှ ကြက်ဥမလုံလောက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ ထို့ပြင် ကြက်၊ ငှက်တုပ်ကွေးရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက်  ကြက်များကို သုတ်သင်ခဲ့ရခြင်းကြောင့်   ကြက်ဥဈေးနှုန်းကိုပို၍ မတည်မငြိမ်ဖြစ်စေခဲ့ကြောင်း သိရသည်။

Ref: Xinhua