၂၀၂၂ တစ်နှစ်လုံးစာ မီးလောင်ဆုံးရှုံးမှုထက် ဇန်နဝါရီလအတွင်း မီးလောင်မှုက ဆုံးရှုံးမှုပိုများ

၂၀၂၂ ခုနှစ် တစ်နှစ်လုံးစာ မီးလောင်ဆုံးရှုံးမှုတန်ဖိုးထက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း မီးလောင်မှုဆုံးရှုံးမှုတန်ဖိုးက ကျပ်သန်းပေါင်းများစွာ ဆုံးရှုံးမှုပိုများခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ကနေ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတစ်လအတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးမှာ ကျပ် ၇ ဘီလီယံနီးပါးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ကနေ သိရပါတယ်။

ဇန်နဝါရီလတစ်လအတွင်း မီးလောင်မှုအကြိမ်ရေက ၁၆၆ ကြိမ်ရှိခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ နိုင်ငံတစ်ဝန်းမီးလောင်မှုအကြိမ်ရေ ၁၄၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၆ ဒသမ ၇ ဘီလီယံကျော်ရှိခဲ့ကာ သေဆုံးသူ ၉၆ ဦး၊ ဒဏ်ရာရရှိသူ ၁၂၆ ဦးနဲ့ မီးဘေးဒုက္ခသည် ၉ထောင်နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုဖြစ်စဉ်တွေရဲ့အများစုက ပေါ့ဆမီးကြောင့် ဖြစ်ပြီး လျှပ်စစ်ကြောင့် လောင်တဲ့မီးက ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။