တရုတ်ဝယ်လိုအားကြောင့် ပဲတီစိမ်းရွှေဝါ တစ်အိတ် ကျပ်နှစ်သိန်းကျော်ထိ စံချိန်တင်ဈေးဖြစ်လာ

တရုတ်နိုင်ငံဝယ်လိုအားကောင်းနေတဲ့အတွက် အခုနှစ်ပဲရာသီမှာ ပဲတီစိမ်းရွှေဝါတစ်အိတ် ကျပ် နှစ်သိန်းကျော်ထိ စံချိန်တင်ပေါက်ဈေးဖြစ်လာခဲ့တယ်လို့ ပဲနှမ်းကုန်သည်တွေဆီက သိရပါတယ်။

တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်ပြီးနောက်ပိုင်း ပဲဈေးတွေ ဆက်တိုက်မြင့်လာခဲ့ပြီး ပြည်တွင်းပဲတီစိမ်းအသစ်ထွက်ရှိချိန် မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ကျပ် ၂၂၅၀၀၀ နဲ့ ရန်ကုန်ဈေးကွက်မှာ တစ်အိတ်ကို ကျပ် ၂၃၀၀၀၀ ထိ ပေါက်ဈေးရှိလာခဲ့တယ်လို့ သိရပါတယ်။

ယခင်နှစ်ကာလတွေက ပဲတီစိမ်းတစ်အိတ်ကို ကျပ် တစ်သိန်းကျော်ဝန်းကျင်မှာရှိနေခဲ့ပေမယ့် အခုနှစ်မှာတော့ တစ်အိတ်ကို ကျပ် နှစ်သိန်းကျော်ထိ စံချိန်တင်ဈေးမြင့်လာခဲ့ပါတယ်။

ပြည်တွင်းမှာ ပဲတီစိမ်းထွက်ရှိမှုနည်းပါးခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် နောက်ကျမှထွက်ရှိခြင်းနဲ့ နယ်စပ်ဂိတ်တွေပြန်ဖွင့်ပြီးနောက် ဝယ်လိုအားသိသိသာသာတိုးလာတဲ့အတွက် စံချိန်တင်ဈေးကောင်း သွားတာဖြစ်တယ်လို့ မန္တလေးရှိ ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

လက်ရှိပဲဈေးကွက်မှာ နယ်စပ်တင်ပို့မှုထက် ရန်ကုန်သင်္ဘောတင် ဈေးကွက်က ဈေးပိုရနေပြီး မြန်မာနိုင်ငံမှ ပို့ကုန် မတ်ပဲ၊ပဲစင်းငုံကို အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူနေသလို ပဲတီစိမ်းကို အိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံက ဝယ်လိုအားရှိနေတာလည်းဖြစ်ပါတယ်။