ကျောက်တော်မြိုနယ်ရှိ မွတ်စလင်ကျေးရွာများမှ ဆန်နှင့် စပါးများကို AA အဖွဲ့က ခြိမ်းခြောက်တောင်းယူနေ

၂၉-၁၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် AA အဖွဲမှ ဒုနိုင်ငံရေးမှူး ကောင်းမြတ် အပါအဝင် ၁၅ ဦးခန့်သည် ကျောက်တော်မြိုနယ်အတွင်းရှိ ရခိုင်ရွာများကို ဖြတ်ကျော်ကာ မွတ်စလင်ရွာများဖြစ်သည့် တောင်ထောင်ရွာနှင့် တောင်ထောင်ဟယားရွာသို့ ရောက်ရှိလာပြီး လယ်သမား ၅၀ ဦးခန့်ကို တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် AA ခေါင်းဆောင်က “လယ်သမားတွေ စပါးရိတ်သိမ်းရင် စပါးရိတ်စက်မငှားဘဲ AA မှ လူအင်အားနဲ့ အခကြေးငွေယူ၍ ရိတ်ပေးမယ်၊ ဒါ့အပြင် လယ်ခွန်များကိုလည်း သတ်မှတ်နှုန်းထားအတိုင်း မပျက်မကွက် ပေးဆောင်ရမယ်” ဟု ပြောကြားခဲ့သည်။

၎င်းရွာများမှ မွတ်စလင်လူမျိုးများကို မေးမြန်းခဲ့ရာ “အခုလိုပြောတာ ဟုတ်တယ်၊ စက်နဲ့ရိတ်ရင် တလင်းပျောက်စနစ်နဲ့ အမြန်ပြီးတာပေါ့ နောက်ထပ် ဆောင်းတွင်း အသီးနှံစိုက်ဖို့လည်း အချိန်ရတယ်၊ AA က လာပြီးရိတ်ပဲ ရိတ်ပေးမှာ စပါးချွေတာ လှေ့တာ ကိုယ့်ဟာကိုယ်လုပ်ရတော့ စရိတ်ပိုကုန်မှာ ဆောင်းသီးနှံစိုက်ဖို့ အချိန်မမီမှာ စိုးရိမ်ရတယ်ဗျာ” ဆိုပြီး ပြောသည်။

အခြားရွာသားတစ်ဦးကလည်း “ရိတ်ခ ၁ ဧကကို ဆန် ၆ ပြည် ၃ အိတ်ပေးရမယ်၊ လယ်ခွန်ဆိုပြီးတော့လည်း စပါး ၃ တင်းပေးရမှာ ဆန်ဆိုရင် ၁ တင်းခွဲပေးရမယ်လို ပြောခဲ့တယ်၊ အရင်တုန်းက ပေးရတာမရှိဘူးပေါ့ အခု တိုက်ပွဲဖြစ်လို့ ရိက္ခာတွေနည်းသွားတာလို ပြောတယ် ပြောရရင် ကျနော်တိုအတွက်ကတော့ ခက်ခဲတယ်” လို ၎င်းကပြောသည်။

AA အနေဖြင့် အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း ရိက္ခာနှင့် ဆက်ကြေးများအား နည်းမျိုးစုံဖြင့် တိုးမြှင့်စုဆောင်းလျက်ရှိပြီး မွတ်စလင်ရွာများကို အဓိကထား ခြိမ်းခြောက်အနိုင်ကျင့်လျက်ရှိသဖြင့် ဒေသခံများမှာ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

ထိုအပြင် AA အဖွဲက ပြည်ထောင်စုလမ်းမကြီးအနီးတွင် လာရောက်စခန်းချမှုကြောင့် ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှု ရပ်တန့်လျက်ရှိပြီး ပြည်သူများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရကြောင်းသိရှိရပါတယ်။