😂ကျွန်ုပ်နှင့်ခါးပိုက်နှိုက်အဖွဲ့

ရန်ကုန်က Busကားတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတယ်ဆိုတာတွေ မကြာခဏကြားနေရတယ်
ကျနော်လဲ တစ်ခါတရံတော့ အခြေအနေသိရအောင်
ကွင်းဆင်းလေ့လာကြည့်အုံးမယ်လို့စဉ်းစားမိတယ်။။။။

ကံအားလျော်စွာပဲ အဲ့အချိန် မိတ်ဆွေတယောက်က
မှော်ဘီဘက်မှာ ခြံအကျယ်ကြီးဝယ်ပြီးတိုက်ဆောက်နေတာ အခုပြီးသွားလို့ အိမ်တက်ဆွမ်း ကပ်မလို့ လာဖြစ်အောင်
လာပါလို့ ဖိတ်တော့ ကွက်တိဖြစ်သွားတယ် ငတိုးတို့ လိုင်းကားစီးမယ်ပေါ့

ကိုယ်စီးနေတဲ့ Rolls-Royce Ghost 2022 ကားကို ခြံထဲက ကားဂိုဒေါင်ထဲထည့်တယ်
လက်က သိန်း၆ဝဝတန် စိန်လက်စွပ်လေးကို ချွတ်ပြီး အံဆွဲထဲထည့်တယ်
ပြီးတော့ ကိုယ်ကိုင်နေတဲ့ I phone 14 pro maxနဲ့ လမ်းထိပ်ကဖုန်းဆိုင်ကို ကီးပက်ဖုန်းတလုံး ဆင်းကတ်ပါထည့်ပြီး
လာပို့ပါလို့ ဖုန်းဆက်ပြီး ဖုန်းကို ခုတင်မွေ့ယာပေါ် ပစ်တင်လိုက်တယ်
အဝတ်အစားဗီရိုကိုဖွင့်အနွမ်းဆုံးအဝတ်အစားတစ်စုံကို ရွေးပြီးဝတ်လိုက်တယ်
မှန်ရှေ့သွားပြီး ကိုယ့်ကိုကိုယ် ပြန်ကြည့်တော့ အဝတ်အစား ခပ်နွမ်းနွမ်းဝတ်ထားပေမယ့် တည်ကြည်ခန့်ငြားတဲ့
သူဌေးရုပ်က ပျောက်မသွားတာတော့ သတိထားမိတယ်

ခဏကြာတော့ ဖုန်းဆိုင်က ကလေးတယောက်ဖုန်းလာပို့တော့ ငွေရှင်းပေးပြီး Laptop အိတ်လိုမျိုး အိတ်အမဲရောင်တလုံးကို လွယ်ပြီး လိုင်းကားစီးဖို့ ခရီးစဉ်စခဲ့လေပြီ။။။

ကားမှတ်တိုင်ရောက်တော့ မှော်ဘီဘက် ရောက်မယ့် လိုင်းကားနံပါတ်လိုက်မေး ကားလာတော့ တက်စီးလိုက်သွားတယ် ကားပေါ် ခါးပိုက်နှိုက်တာတွေဘာတွေ မရှိပါဘူး
အေးအေးဆေးဆေးပါပဲ။။။

မှော်ဘီရောက်တော့ဆွမ်းကပ် တရားနာ ထမင်းစားပြီး သူငယ်ချင်းက သူ့ခြံထဲလိုက်ပြတော့ သီးပင်စားပင်တွေအစုံပဲ ကျနော်အတွက်တောင်ခူးပေးလိုက်သေးတယ်
အဲ့လိုနဲ့ ပြန်မယ်လို့ဆိုတော့ လိုင်းကားပေါ်မှာ အသီးအရွက်ထုပ်နဲ့ အဆင်မပြေဘူးလေ
အဲ့ဒါနဲ့ ပါလာတဲ့အိတ်ထဲ ခူးလာတဲ့အရွက်တွေထည့်ပြီး မြို့ထဲရောက်မယ့် လိုင်းကားပေါ် တက်စီးလိုက်တယ်။။။။

ကားကလူကြပ်တယ်‌ထိုင်ခုံမရတော့ အလယ်ကတန်းကိုကိုင် မတ်တပ်ရပ်စီးရတယ်
ကျနော်တက်လာလို့ မှတ်တိုင်၅ခုမြောက်မှာ လူရွယ် ၅ယောက် ကားပေါ်တက်လာတယ်
၅ယောက်လုံးmaskတပ်ထားတယ် တယောက်က ရှာထိုးဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတယ် ထိုင်ခုံနေရာရှာသလိုလိုနဲ့ ကားတစီးလုံးကို လိုက်ကြည့်တယ်

ပြီးတော့မျက်နှာရိပ်မျက်နှာကဲနဲ့ အချက်ပြလိုက်တာ သတိထားမိတယ် ဒါပေမယ့်ကျနော် မသိချင်ယောင်
ဆောင်နေတယ်
သူတို့ထဲက ၂ယောက်က “ဆောရီးနော် bro”လို့ပြောပြီး
ကျနော့်ကိုကျော်ပြီး ကျနော့်ရှေ့ကိုသွား တန်းကိုင်ပြီးစီးတယ် နောက်၃ယောက်က ကျနော့်နောက်ကျောဘက်မှာ

ကားကထွက်လာရင်း ဘရိတ်အုပ်လိုက်တဲ့အချိန်တို့
အကွေ့ကွေ့လိုက်တဲ့ အချိန်တို့ဆိုရင် ကျနော်‌လွယ်ထားတဲ့ ဘေးလွယ်အိတ်က လှုပ်လှုပ်သွားတယ်
ကျနော်လဲ မသိချင်ယောင်ဆောင်နေတယ်
နောက်၃ မှတ်တိုင်လောက်မှာ မှတ်တိုင်အဝင် ဒရိုင်ဘာက
ကားကိုဘရိတ်အုပ်လို့ ကားလှုပ်သွားချိန်”အား”ဆိုတဲ့ အသံကြားလိုက်တော့ ကားတစီးလုံးက ဝိုင်းကြည့်ကြတယ်
ကားရပ်တာနဲ့ အဲ့လူ၅ ယောက်လုံး ခပ်သုတ်သုတ်ဆင်းပြီး ရှေ့ကလိုင်းကာပေါ် ပြေးတက်သွားတယ်

ကျနော့်အိတ်ကို ပြန်စစ်ကြည့်လိုက်တော့ အိတ်ကကွဲနေတယ်
ခါးပိုက်နှိုက်ရန်ကကာကွယ်‌နိုင်အောင်လို့ သူငယ်ချင်း
ခြံထဲကနေ ဖြတ်ပီးထည့်လာတဲ့ ဆူးရှည်ရှည်နဲ့ဇီးညွန့်တွေကတော့ တချို့တဝက် အိတ်အပြင်ကိုထွက်လို့
အိတ်ခွဲပြီးနှိုက်တဲ့ကောင် ဇီးဆူးနဲ့တွေ့တာဖြစ်မယ်

အပွဲပွဲနွှဲလာတဲ့ ခါးပိုက်နှိုက်အဖွဲ့ ငတိုးနဲ့တွေ့တော့
ဘာတတ်နိုင်သေးလဲ။။။။။။။။။။

ရတနာပုံ(ရွှေထီး)