●နှစ်ဖက်မြင်(၂)●

ဣတ္ထိယအလွန်

       ဗန်းမော်တပ်ကို ဗိုလ်ဌေးဝင်းရောက်ချိန်တွင် ကေအိုင်အေ သောင်းကျန်းသူတွေ အင်အားကောင်းပြီး ဂြိုလ်ကြွနေချိန်ဖြစ်လို့ ရှေတန်းမှာ တိုက်ပွဲတွေက နေ့တိုင်းလိုပါပဲ။ တပ်ရင်း၏ အထင်ကရတိုက်ပွဲတစ်ခု ဖြစ်သည့် ယောယုံတိုက်ပွဲတွင် ရန်သူဗကပနှင့် ကေအိုင်အေတို့ ပူးပေါင်းပြီး တိုက်ကွက်ဖေါ်ကာ တပ်ခွဲစခန်းတစ်ခုကို အင်အားအလုံးအရင်းနှင့် ဝင်တိုက်ကြသည်။ ဒီအင်အားနဲ့ဆိုရင် အချိန်အနည်းငယ် အတွင်းမှာပင် စခန်းကျသွားနိုင်သည်။ စစ်ကူတပ်များ အနားမှာမရှိတာလည်း ရန်သူကသိသည်။ တိုက်ပွဲစသည်နှင့် လက်နက်ကြီး လက်နက်ငယ် အင်အားများစွာ သုံးပြီး ဝင်ရောက်တိုက်ခိုက်သော်လည်း ရန်သူတို့ထင်သလိုဖြစ်မလာခဲ့။ တပ်စခန်းကျမသွားသည့်အပြင် ရန်သူ့ဖက်မှ အကျအဆုံးများစွာ ရင်ဆိုင်လာရချိန်မှာတော့ ဆုတ်ခွာခြင်းကိုသာ ဆောင်ရွက်ကြတော့သည်။

       အင်အားဆယ်ဆမက များလှသောရန်သူကို ခံစစ်ကောင်းဖြင့် ခံစစ်၏ ဥပဒေသများနှင့် အညီ ရင်ဆိုင်အနိုင်ယူလိုက်ကြသည့် တပ်မတော်သားများကို ဘွဲထူးဂုဏ်ထူးများ ချီးမြှင့် ကြသည်။ တပ်ခွဲမှူးဖြစ်သူ ဗိုလ်ကြီးအောင်ထွန်းက သူရဘွဲ့ရပြီး တပ်စုမှူးများဖြစ်သည့် ဗိုလ်လှစိုးနှင့် ဗိုလ်ဌေးဝင်းတို့နှစ်ဦးက သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံခဲ့ရသည်။

       ပြောလိုသည်မှာ ဗိုလ်ဌေးဝင်း၏ စရိုက်ပင်ဖြစ်သည်။ စစ်မြေပြင်ပျော် သူရဲကောင်းမှတ်တမ်းဝင် စစ်သားကြီးဖြစ်လို့ သူ့ရင်ထဲမှာ တိုက်ပွဲတွေသာရှိနေသည်။ နောက်တန်းသို့ ခဏဝင်နားရချိန်များတွင် အခြားအရာရှိ လူပျိုများလို ဗန်းမော်မြိုတွင်းရှိ ချစ်သူများဆီ သွားကြချိန် ဗိုလ်ဌေးဝင်းမှာ မိန်းကလေးသူငယ်ချင်းပင်မရှိ၊ အရာရှိရိပ်သာတွင် အမြဲငေါင်ငေါင်ကြီး တွေ့နေရတတ်သည်။

       ရှေ့တန်းထွက်သွားလိုက် နောက်တန်းပြန်ရောက်ရင်လည်း ရိပ်သာမှာ ငူငူကြီးနေလိုက် ဖြစ်နေသော တပည့်ကို သနားလိုထင်သည်။ တပ်ရင်းမှူးက ဗိုလ်ဌေးဝင်းကို တပ်မတော်နေ့ စစ်ရေးပြလမ်းလျောက်ရန် ထည့်ပေးလိုက်တော့သည်။ မြစ်ကြီးနားတိုင်းစစ်ဌာနချုပ်မှာ တွဲဖက်လေ့ကျင့်ပြီး နောက်ရန်ကုန်တွင် တိုင်းကိုယ်စားပြုအဖြစ် စစ်ရေးပြလမ်းလျောက်ရမှာ ဖြစ်သည်။ တပ်ရင်းမှူး၏ သနားငဲ့ညှာမှုက ဗိုလ်ဌေးဝင်း၏ ကံကြမ္မာကို ကောင်းစေမလား ဆိုးစေမလား ဆိုတာကိုတော့ ဘယ်သိနိုင်ပါ့မလဲလေ။


       မြစ်ကြီးနားက ရန်ကုန်မသွားခင် တပ်ရင်းကိုခဏပြန်လာစဉ် ဗိုလ်ဌေးဝင်းနှင့်အတူ လက်ထပ်ခွင့်က ပါလာခြင်းဖြစ်သည်။သူငယ်ချင်း အရာရှိတစ်ယောက်က မိတ်ဆက်ပေးလို့ နိုင်ငံတော်နှင့်သိခွင့်ရခဲ့သည်။ နိုင်ငံတော်ကတော့ သူ့မာယာလှည့်ကွက်အတိုင်းကစားသည်။ ပိုက်ကွန်အတွင်းကို အသည်းစိမ်းကြီးက နင့်နင့်နဲနဲ တိုးဝင်လာသည်။ နိုင်ငံတော်အကြောင်းကိုသိသော အရာရှိများက ဆုတ်တက်လှုပ်ရှားကစားနေသလောက် ဗိုလ်ဌေးဝင်းမှာတော့ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက်ဖြစ်ကာ ရုံးတက်လက်မှတ်ထိုးသည့် အခြေအထိရောက်သွားသည်။

       ကျွန်တော်ရော ကိုအောင်မျိုးမြင့်ပါ လက်ထပ်ခွင့်ကိစ္စ ပြန်စဉ်းစားဖို့ ပြောဆိုတိုက် တွန်းကြသည်။ လက်ရှိအခြေအနေတွေမှာတော့ ဗိုလ်ဌေးဝင်းကို ဒိန်းတလိန်းနတ်က ဖမ်းစားထားလေပြီ။ " ကျွန်တော့်အမျိုးသမီးမှာ ဘာအပြစ်ရှိလို့လဲဗျာ" ဆိုသောသူ့မေးခွန်းက ကျွန်တော်တို့နှစ်ယောက် ပြန်ပြောလိုမရအောင် ဆွံအသွားစေသည်။

       ဗိုလ်ဌေးဝင်း ရန်ကုန်စစ်ရေးပြသွားနေချိန်မှာ သူ့လက်ထပ်ခွင့်ကိစ္စ၏ အခြေအနေအရပ်ရပ်ကို တပ်ရင်းမှူးထံ အသေးစိတ်တင်ပြကြသည်။ လူပျိုကြီးဖြစ်သော်လည်း အချစ်ရေးကို မတားဆီးတတ်သော တပ်ရင်းမှူးပင် အတော်ကြာစဉ်းစားနေသည်။ " မင်းတို့ပြောသလောက်ကော ဟုတ်ရဲ့လားကွာ..မိန်းကလေးဖက်က နစ်နာနေမယ်" ဟုပင်ပြောလေ သည်။ အရပ်ဖက်တရားရုံးမှာ လက်မှတ်ထိုးထားတဲ့ လက်ထပ်စာချုပ်က လည်းရှိနေလို့ ဒီလိုသုံးသပ်ခြင်းလည်းဖြစ်မည်။

       ကျွန်တော်တို့ကတော့ ဗိုလ်ဌေးဝင်း ရန်ကုန်ကပြန်လာသည်အထိ စောင့်ပြီးမှ တပ်ရင်းမှူး ဆုံးဖြတ်ပေးရန် တောင်းဆိုမှုကြောင့် ဗိုလ်ဌေးဝင်း၏ လက်ထပ်ခွင့်လျှောက်လွှာကြီးသည် တပ်ရင်းမှူးရုံးခန်းတွင် သောင်တင်နေတော့သည်။

       ဗိုလ်ဌေးဝင်း၏ ပြဿနာကို ဘယ်လိုကူညီပြောပေးရမလဲဟု စဉ်းစားနေကြချိန်မှာပင် အချိန်ကကုစားပေးလိုက်သည်။ စစ်ရေးပြပြီးလို့ မြစ်ကြီးနားပြန်ရောက်ပြီး နောက်တစ်နေ့ ဗိုလ်ဌေးဝင်း သူ့ချစ်သူထံသွားခဲ့ သည်။ အံ့ဩသွားစေလိုသဖြင့် ကြိုတင်ပြောမထားဘဲ ရုတ်တရက်ဝင်သွားစဉ် နိုင်ငံတော်ခင်စိန်နှင့် အရာရှိတစ်ယောက်တို့က လူကျီစယ်နေကြတာကို မျက်မြင်တွေ့လိုက်ရသည်။

       နိုင်ငံတော်ကတော့ ဗိုလ်ဌေးဝင်း ပြန်မရောက်လောက်သေးဘူးထင်ပြီး သူ၏အစားထိုး အချစ် မူဝါဒအတိုင်း အနားမှာတစ်ယောက် ထားလိုက်ခြင်းဖြစ်သော်လည်း ဒီကအသည်းရိုင်းကြီးကတော့ အပိုင်းပိုင်းကွဲသွားလေပြီ။ ဗိုလ်ဌေးဝင်းတပ်ကိုပြန်သည်အထိ နိုင်ငံတော်ကို သွားမတွေ့တော့။

       ထုံးစံအတိုင်း ကွဲနေတဲ့အသည်းကို အရက်နှင့်စိမ်သည်။ ကျွန်တော်တို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောသည်။ လက်ထပ်ခွင့်ကို ပြန်ရုပ်သိမ်းပေးဖို့ တပ်ရင်းမှူးကို သတင်းပို့သည်။ အာရုံပြောင်းပြီး အသည်းကွဲသက်သာစေရန် သူကျွမ်းကျင်သောအလုပ်ဖြစ်သည့် ရှေ့တန်းစစ်မြေပြင်ကို လစာပေးအဖွဲဖြင့် ပြန်လိုက်သွားပါသည်။