(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာသေနတ်ပစ်အသင်း ရွှေ၁၂ ဆု၊ ငွေ ၁၂ဆု၊ ကြေး ၈ ဆုဖြင့် စတုတ္ထနေရာကိုရရှိခဲ့

(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM-30)ကို နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်ထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် သေနတ်ပစ် အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ ပါဝင်ခဲ့ကြပြီး ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသား အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အသင်းလိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၈ ခုဆွတ်ခူးရရှိခဲ့ကာ နိုင်ငံ အလိုက် စတုတ္ထအဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။ ပြိုင်ပွဲတွင် လာအိုတပ်မတော်မှ သေနတ်ပစ်အသင်းအနေဖြင့် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း နည်းတူ ဆု တံဆိပ်ရရှိမှုများ တူညီခဲ့သော်လည်း ရိုင်ဖယ်ပစ်ခတ်စဉ်ပြိုင်ပွဲအမှတ်ပေးပွဲစဉ်(၁)တွင် မြန်မာအသင်းမှ ရမှတ်ပေါင်း ၃၃၅.၁၄ မှတ်ရရှိခဲ့ပြီး လာအိုအသင်းမှ ရမှတ်ပေါင်း ၂၂၀.၀၅ မှတ်သာ ရရှိခဲ့ခြင်းကြောင့် နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်ရှင်။